သံလွင်ခက်
ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် အတွင်းရှိ အုန်းဖန် (Umphang) ဖျော်ဖြေရေးပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်တွင် ကရင်အမျိုးသားအစည်းအရုံး – KNU ၏ အဖွဲ့ဝင်တစ်ဦးပါဝင်သည်ဟု ပြောဆိုချက်မှာ မမှန်ကန်ဟု KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုတောနီး က ပြောသည်။
“သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ KNU အဖွဲ့ တစ်ဦး ပါဝင်တယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ လုံးဝငြင်းဆိုတယ်၊ လုံးဝ မမှန်ကန်ပါဘူးလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ သုံးဦးသေဆုံးခဲ့ကာ၊ လူပေါင်းများစွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားခြင်းအတွက် သံသယရှိသူ နှစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားပြီး တစ်ဦးမှာ KNU – ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဝင်ဖြစ်သည်ဟုလည်း ထိုင်းအာဏာပိုင်များက ထုတ်ဖော်ပြောဆိုဟု ထိုင်းသတင်းဌာန Khaosod English ၏ ရေးသားချက်အရ သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ နှစ်ဦးနှင့် အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်သည်ဟုလည်း သိရသည်။
ထို့ပြင် အုန်းဖန်ဖျော်ဖြေရေးပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သတ်ပြီး KNU – ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်က ယနေ့မွန်းလွဲပိုင်းတွင် သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် အကြမ်းဖက် လုပ်ရပ်ကို လက်မခံ၊ ကန့်ကွက်ရှုတ်ချသကဲ့သို့ သေဆုံးထိခိုက်ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲကာ၊ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန်ဖော်ထုတ်ရေးလုပ်ငန်းစဉ်များတွင်လည်း KNU အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းရေးသားထားသည်။
အုန်းဖန်မြို့ ထိုင်း-မြန်မာနယ်စပ် မြို့တစ်မြို့ဖြစ်ပြီး ယခုအခါ အဆိုပါ ပေါက်ကွဲမှုကြောင့် နယ်စပ်လမ်းကြောင်းများအားလုံးကို ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားသည်ဟုလည်း သိရသည်။