သံလွင်ခက်
ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ် မြောက်ပိုင်း၊ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီဟု ချင်းအမျိုးသားအဖွဲ့ချုပ် – CNO ၏ ပြောရေးဆိုခွင့်ရှိသူထံက သိရသည်။
ယခုနှစ် နိုဝင်ဘာလ ၉ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဖလမ်းမြို့တွင် တစ်ခုတည်း ကျန်ရှိတော့သည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ – ၂၆၈ တပ်ကုန်းကို ဆက်လက် သိမ်းယူရန် ကြိုးစားလျက်ရှိသည်ဟုလည်း CNO ၏ ပြောရေးဆိုခွင့်ရှိသူ Salai Timmy က သံလွင်ခက်ကို ပြောသည်။
“တိုက်ပွဲအခြေအနေကတော့ မင်းတပ်ရော ဖလမ်းရော နေ့တိုင်းလို တိုက်ပွဲရှိပါတယ်။ ဖလမ်းအခြေအနေကြတော့ မြို့တွင်းရဲ့ ၉၀ ရာ ခိုင်နှုန်းလောက် ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တို့က Operation CB စစ်ဆင်ရေး တိုက်ပွဲ ဆင်နွှဲနေသဖြင့် လုံခြုံရေးနှင့် စစ်ရေးအခြေနေအရ မြို့တွင်းကို စစ်ဆင်ရေး တိုက်ပွဲဝင်သူများမှအပ မြို့ထဲကို ဝင်ထွက်သွားလာခွင့် မပြုလုပ်ရန် တားမြစ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ ထုတ်ပြန်တဲ့ချိန်ကနေ ဖလမ်းမြို့ကို ကျွန်တော်တို့ အလုံစုံ ထိန်းချုပ်နိုင်တဲ့ နေ့ထိပေါ့လေ။ မြို့တွင်းတိုက်ပွဲရှိတယ်ဆိုတော့ အန္တရာယ်ဖြစ်စေနိုင်မယ့်အရာကနေ ပြည်သူတွေ ဘေးကင်းလုံခြုံတဲ့ချိန်မှာ ကျွန်တော်တို့ ထုတ်ပြန်အကြောင်းကြားပါ့မယ်။ အဲ့ချိန်ထိ အကြုံးဝင်ပါမယ်” ဟုပြောသည်။
ပြည်သူများအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ရန် အရေးပေါ်ကိစ္စရှိခဲ့သော် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြား အသိပေးရမည်ဟုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF သည် ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်ရှိသည့် ဗားရ်ကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းနှင့် ဖလမ်း – ကလေးလမ်းပေါ်ရှိ ထင်းရှူးစခန်းအပါအဝင် သီးဘွားလ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။
ပုံစာ – CNO/ CNF ရဲဘော်များ