ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြု၍ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယနေ့နံနက်တွင် ဓာတ်ပုံ သက်သေနှင့်တကွ ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် မိုးဗြဲမြို့ပြင်၌ အခြေစိုက်ထားသည့် စစ်ကောင်စီခြေမြန်တပ်ရင်း-ခမရ ၄၂၂ တပ်က မိုးဗြဲမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS ( အက်စ်ဖော့်စ်) ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုခဲ့သည်။
KNDF သတင်းပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက “အဆိပ်ငွေ့ကြောင့် ဝေဒနာက ရက်ရှည်ကြာ ခံစားတာမျိုးတော့မရှိပါဘူး။ ဒရုန်းနဲ့ကြဲချတဲ့နေရာမှာ ပေါက်ကွဲတဲ့နေရာမှာပဲ အဆိပ်ငွေ့ဗုံးတွေကို တွေ့ခဲ့တာဖြစ်ပါတယ်” ဟု သံလွင်ခက်ကိုပြောသည်။
ဗုံးသီးကျရောက်ပေါက်ကွဲသော နေရာများကို စစ်ဆေးခဲ့ရာ အက်စ်ဖော့စ်အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိပ်ငွေ့သည် လူကို နုံးနယ်စေသည့် ဂုဏ်သတ္တိရှိပြီး စစ်ကောင်စီ၏ အဆိပ်ဗုံးအသုံးပြုသည့် လုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်သည်ဟု ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ဆက်ပြောသည်။
“သူက အိပ်ချင်လာတာတွေ မူးနေတာတွေတော့ရှိတယ်။ အဲ့ဒါကို ရှူမိပြီးရင် တစ်ရေးအိပ်လိုက်မှပဲ လူက ပြန်တက်ကြွတယ်”ဟုဆိုသည်။
အဆိုပါ အဆိပ်ငွေ့ပြားများကို ထည့်သွင်းအသုံးပြုထားသည့် ဗုံးသီးကျရောက်ရာ အနီး ဝန်းကျင်တွင် မီးခိုးများ အများအပြားထွက်လာပြီး ရှူရှိုက်မိသော ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့မှာ မူးဝေခြင်း ၊ ခေါင်းမူးခြင်း ၊ အော့အန်လိုခြင်း ၊ အိပ်ချင်လာခြင်း၊ ခန္တာကိုယ်မလန်းဆန်းခြင်း၊ အားပြတ်ခြင်း စသည့်ဝေဒနာများခံစားခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် သတိကြီးစွာထား၍ မိမိတို့အနီးဝန်ကျင်တွင် ဒရုန်းများ ပျံဝဲနေခြင်း ၊ တိုက်ခိုက်ခံရသည့် နေရာများနှင့်အနီးတွင်ရှိနေခြင်းများ ဖြစ်လာပါက စူးစမ်းကြခြင်းမျိုးမပြုလုပ်ဘဲ လုံခြုံသောနေရာ များသို့ ပုန်းခို၍ ရှောင်ရှားကြရန် KNDF ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ဖယ်ခုံ၊ မိုးဗြဲ ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့မှု များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
S-PHOS 560 အဆိပ်ဆေးပြားများကို စိုက်ပျိုးရေးကုန်ကြမ်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ဖျက်ဆီးသော ပိုးမွှားများကို ကာကွယ်ရန်အတွက် သိုလှောင်ရုံများအတွင်း အဆိပ်မှိုင်းတိုက်ရာတွင် အသုံးပြုကြသည်။
ဓာတ်ပုံ-KNDF