သံလွင်ခက်
ဒီဇင်ဘာ ၁၀၊ ၂၀၂၄။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၇၅ ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထံက သိရသည်။
ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူနှင့် ဒုရဲမှူးအဆင့်ရှိသူ အပါအဝင် ခြေလျင်တပ်သား ၃၀၂ ဦး၊ ရေတပ်သား ၁၁ ဦး၊ လေတပ်သား ၁၁ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃၃ ဦးနှင့် အကျဥ်းဦးစီးဝန်ထမ်း ၅ ဦး ပါဝင်သည်ဟု သိရသည်။
အဆိုပါ ၄၇၅ ဦးတွင် ၁၉၁ ဦးမှာ လက်နက်များနှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြပြီး ၎င်းတို့ ယူဆောင်လာသည့် လက်နက်အမျိုးအစား အလိုက် ချီးမြှင့်ငွေများလည်း ပေးအပ်ခဲ့သည်ဟု NUG ကဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် စစ်ကောင်စီတပ်သားဖြစ်လာသူထဲမှာ ၃၃ ဦးသည် ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံလာခဲ့သည်ဟု သိရသည်။
ကော်မတီ စတင်ဖွဲ့စည်းခဲ့သည့် ၃ နှစ်ကျော်ကာလအတွင်းပင် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း လူဦးရေ ၁၅,၀၀၀ ခန့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သည်ဟု သိရသည်။ ထို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၇၀၀ ဦးကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၂,၀၀၀ ဦးကျော် ပါဝင်ကာ ၎င်းတို့နှင့်အတူ မိသားစုဝင်များလည်း ပါဝင်သည်ဟု သိရသည်။
ပုံ – Chinland Defense Force – Hakha