သံလွင်ခက်
ဒီဇင်ဘာ ၁၀၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားသည့် ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု DPLA က ယမန်နေ့တွင် ထုတ်ပြန်သည်။
DPLA နှင့် စစ်ကောင်စီတပ်တို့ကြား နိုဝင်ဘာ ၃၀ ရက်နေ့မှစတင်၍ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီက တိုက်ပွဲအတွင်း ဒရုန်းဖြင့် ဓာတုဗုံးကြဲချတိုက်ခိုက်မှုကြောင့် DPLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများရှိခဲ့သည်။
DPLA သည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များဖြစ်သည့် ကျောက်ဂူအမြောက်တပ် အမတ-၃၄၉၊ နောင်ဝိုးတပ် ခလရ-၂၉၂ တို့အပြင် နောင်ချိုမြို့နယ် တောင်ခမ်းသို့ ရပ်စောက်ဘက်မှ စစ်ကူသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA ကို ၂၀၂၂ ခုနှစ် ဩဂုတ် ၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးပေါ်ပေါက်လာသည့် ဓနုလူမျိုးကိုယ်စားပြုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထံတွင် စစ်သင်တန်းတက်ရောက်ထားပြီး နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲရာတွင်လည်း DPLA က ပူးပေါင်းပါဝင်ခဲ့သည်။
ဓာတ်ပုံ-ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး-DPLF