တပ်တွင်းသတင်းပေး ဆေးတပ်သားတစ်ဦး လုံခြုံရေး စိုးရိမ်စရာအခြေအနေဖြစ်လာ၍ KDF ခေါ်ထုတ်ပေးခဲ့
************************************
ဒီဇင်ဘာ ၂၁ ၊ ၂၀၂၂ ။
ကရင်နီတော်လှန်ရေးတပ်များထံ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများပေးနေသည့် တပ်သားတစ်ဦး လုံခြုံရေးအတွက်စိုးရိမ်စရာအခြေအနေဖြစ်လာသောကြောင့် ခေါ်ထုတ်ပေးခဲ့သည်ဟု KDF ထံမှသိရသည်။
စစ်ကောင်စီလက်အောက်ခံတပ်တစ်ခုဖြစ်သည့်လွိုင်ကော် အခြေစိုက်တပ် ဆေးတပ် (တဆရ) တပ်မှ တပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့်သည် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)ထံ တပ်တွင်းသတင်းများပေးနေသည်မှာ အချိန် ၆ လခန့် ရှိနေပြီဖြစ်သည်။
” သူက တပ်တွင်းဖရဲသီးပုံစံမျိုးပေါ့ သတင်းပေးတယ်။ ကြာပြီပေါ့။ အရင်ကတည်းက CDMဝင်ဖို့ လုပ်တယ်။ မဝင်သေးနဲ့အုံး သတင်းတွေရသလောက်ပေးအုံး ။ အဲလိုသတင်းတွေ ပေးနေရင်းနဲ့ နောက်ပိုင်းအရမ်းကြပ်လာပြီး လုံခြုံရေးစိုးရိမ်လာရလို့ လှမ်းခေါ်လိုက်တာပေါ့ “ဟု KDF တာဝန်ရှိသူ ကိုလင်းလင်းက ပြောသည်
ဆေးတပ်သားမောင်ငြိမ်းချမ်းကို ပြီးခဲ့သည့်နှစ်ပတ်ခန့်က KDF ကသွားရောက်ခေါ်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် တပ်တွင်း၌ရှိနေစဥ်တွင် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု အချိန်၊ နေရာ၊ လမ်းကြောင်း၊ အင်အားနှင့် တပ်မတပ်ရင်းအမည်များ စသည့်အချက်များကို အကြိမ်များစွာ ပေးပို့နေခဲ့သည်ဟု သိရသည်။
ယခုနောက်ပိုင်းတွင် ၎င်း၏တပ်တွင်းသတင်းပေးပို့အခြေအနေများကို ရိပ်စားမိလာခြင်းနှင့် တပ်တွင်း၌လုံခြုံရေးပိုမိုတင်းကြပ်လာသည့်အခြေအနေများကြောင့် အချိန်မလွန်မှီထွက်လာခိုင်း၍ လုံခြုံစိတ်ချသည့်နေရာသို့ KDFက ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းကာလအတွင်း၌ KDFထံ CDMပြုလုပ် ခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးရှိပြီး ၄ ဦးမှာ KDF တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်ရေး တိုက်ပွဲများတွင် ပါဝင်ဆင်နွှဲနေသည်ဟု သိရသည်။
ယခုနောက်ဆုံးရောက်ရှိလာသည့် ဆေးတပ်သားမောင်ငြိမ်းချမ်းသည်လည်း KDF တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍တိုက်ပွဲဝင်မည်ဟုပြောဆိုထားသည်။ သို့သော်လည်း KDF အနေဖြင့် ၎င်းအားအချိန်ယူ၍ သေချာစိစစ်ပြီးမှ ပူးပေါင်းခွင့်ပေးမည်ဟု ကိုလင်းလင်းကပြောသည်။
KDF အနေဖြင့် CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်းခွင့်ပေးသည့်အပြင် လုံခြုံစိတ်ချသည့်နေရာများသို့ပါ ပို့ဆောင်ပေးပြီး နောက်ထပ် CDM ပြုလုပ်လိုသူများကိုလည်း ဖိတ်ခေါ်သည်ဟု ဆိုသည်။
” ကျွန်တော်တို့ ဒီတော်လှန်ရေးက လက်နက်နဲ့တိုက်မှနိုင်မှာမျိုးတော့မဟုတ်ဘူးပေါ့နော်။ စစ်ကောင်စီဘက်ကနေ ပြည်သူ့ဘက်ကိုခိုလှုံလာမယ့်သူတွေလည်း ဒီဟာကလည်း အားသာတဲ့အချက်တစ်ချက်ပေါ့။ အဲတော့ နောက်ခိုလှုံလာမယ်သူတွေကိုလည်း အကြံပေးချင်တာက လက်နက်ပါမှ မဟုတ်ပါဘူး။ လက်နက်မပါလည်း ခိုလှုံခွင့်ပေးပါမယ် ” ဟု ကိုလင်းလင်းကပြောသည်။
CDM ပြုလုပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များပါယူဆောင်၍ CDMပြုလုပ်လာရသည်မှာ အရမ်းခက်ခဲသည့်အခြေအနေဖြစ်သောကြောင့် လက်နက်ပါလာသူများကို ဆုကြေးငွေ သိန်း၃၀ နှင့်အထက်ပေးအပ်ရန် စီစဥ်ပေးထားကြောင်းနှင့် လက်နက်မရလည်း ကျည်များကို ရသမျှယူဆောင်လာလျှင်လည်း ဆုကြေးငွေ ခံစားရရှိနိုင်မည်ဟု ကိုလင်းလင်းကပြောသည်။
ဓာတ်ပုံ – Karenni Democratic Front (KDF)