သံလွင်ခက်
ဒီဇင်ဘာ ၄၊ ၂၀၂၄။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်- DKBA ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ – CEC အစည်းအဝေးအပြီး တပ်မတော်၏ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်နှင့် ဗဟိုအကြံပေးအဖွဲ့(နာယက) ရာထူးများနှင့် ပတ်သတ်ပြီး ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။
အဆိုပါ ထုတိပြန်ချက်တွင် DKBA ကလို့ထူးဘော ဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောရွှေဝ ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ – CEC ၏ ဆုံးဖြတ်ချက်အရ ယမန်နေ့မှစ၍ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ဖြင့် ဒုတိယ စစ်ဦးစီးချုပ် တာဝန်ပေးအပ်ခဲ့ပြီး DKBA ဗဟိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့် ဖြင့် စစ်ဦးစီးအရာရှိချုပ် တာဝန်ကို ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။
ထို့ပြင် DKBA ၏ ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို DKBA ဗဟိုအကြံပေးအဖွဲ့ (နယက) ရာထူး ပေးအပ်ခဲ့ပြီး တာဝန်များ ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ဒီမိုကရက်စီ အကျိုးပြု ကရင် တပ်မတော် – DKBA ကို DKBA တပ်မဟာ – ၅ ဟုလည်း ခေါ်သည်။ DKBA သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဆိုပါ တပ်မဟာ – ၅ ကို၊ တပ်ရင်း – ၅ ရင်းဖြင့် ၂၀၀၉ ခုနှစ်၊ မေလမှ စတင်ဖွဲ့စည်းခဲ့သည်။
အဆိုပါ တပ်ဖွဲ့ တပ်မဟာ – ၅ သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်က မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း လက်နက်ချရန် ငြင်းဆိုခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်။