သံလွင်ခက်
ဒီဇင်ဘာ ၄၊ ၂၀၂၄။
မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-(မန္တလေး) MDY-PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းတစ်ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းတွင် MDY-PDF က ထိန်းချုပ်စိုးမိုးထားသော မြို့ကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု MDY-PDF က ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတစ်ဦး နှင့် လက်နက်ခဲယမ်းအချို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းခုနှစ်လောင်းကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် စစ်ကောင်စီတပ်တို့ကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-MDY-PDF