သံလွင်ခက်
ဒီဇင်ဘာ ၄၊ ၂၀၂၄။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်တို့သည် ယနေ့နံနက် အစောပိုင်းကတည်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် မံစီမြို့ရှိ ကျန်ရှိနေသည့် တပ်စခန်းများကို တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များနှင့် ဒေသခံများထံက သိရသည်။
ယနေ့ နံနက် ၃ နာရီခန့်ကတည်းက လက်နက်ကြီးသံများ ကြားရပြီး ၅ နာရီခွဲခန့်မှ လက်နက်ငယ်များ ပစ်ခတ်ကာ တိုက်ပွဲစတင်ဖြစ်ပွားနေခြင်း ဖြစ်ပြီး လတ်တလောတွင် ဗန်းမော်မြို့အထွက် ဗန်းမော် – မံစီ လမ်းမကြီးဘေး၊ ဖန်ခါးကုန်းကျေးရွာရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခ.လ.ရ – ၄၇ တပ်ရင်း ကို တိုက်ခိုက်လျက်ရှိသည်ဟု ဖန်ခါးကုန်းဒေသခံ မိသားစုဝင် တစ်ဦးက ပြောသည်။
“ကုန်းမဟတ် ကျသွားပြီပြောတယ်။ အဲဒါက စစ်တပ်ဂိတ်အသေး (ကာကင်း)။ ၄၇ က တိုက်တုန်း အသံတွေကြားနေရတယ်တဲ့ အထုတ်တွေ ထည့်နေလို့ ဖုန်းမဆက်တာတဲ့လေ” ဟု ပြောသည်။
ထိုကာကင်းတပ်အပြင် ဗန်းမော်မြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိသည့် ညောင်ပင်သာ တပ်စခန်းကိုလည်း ယနေ့နံနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။
ထို့ပြင် ဖန်ခါးကုန်းကျေးရွာရှိ ဒေသခံများ၊ ကုန်းမဟတ်ကျေးရွာရှိ ဒေသခံများ အပါအဝင် ၃ မိုင်သာစည်ရပ်ကွက်က ဒေသခံများသည် ဗန်းမော်မြို့တွင်းသို့ တိုက်ပွဲတိမ်းရှောင်နေကြသည်ဟု ဒေသခံများထံက သိရသည်။
ထို့ပြင် ဗန်းမော်မြို့နှင့် အနီးဆုံး ကျေးရွာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ – ၃၁၉ နှင့် ခြေလျင် တပ်ရင်း ခလရ – ၆၀၁ တပ်ရင်း အပါအဝင် အမှတ် – ၅၂၃ အမြောက်တပ် တပ်ရင်းဌာနချုပ် ၃ ခုကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ် ရဲဘော်များထံက သိရသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မိုးမောက်မြို့နယ်ကိုလည်း ၎င်းတို့ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၃ လကျော်ခန့် ရှိပြီဖြစ်သည်။