ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၄၊ ၂၀၂၄။
ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်နိုင်ရန်အတွက် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က တောင်းဆိုလိုက်သည်။
MNDAA အနေဖြင့် မြန်မာနိုင်ငံမှခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်ခြင်းကို ပြုလုပ်မည်မဟုတ်ဘဲ နိုင်ငံ့အချုပ်ခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစဉ်တစိုက် ထိန်းသိမ်းကာကွယ်သွားမည်ဟုလည်း ကတိပေးထားသည်။
ပြည်သူလူထု၏အကျိူးကို ငဲ့ညှာထောက်ထားရန်၊ မြန်မာနယ်စပ်၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ရန် ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုးကန့်တပ်များက စစ်ကောင်စီတပ်ကို အစပြုထိုးစစ်ဆင်မည်မဟုတ်ဟုဆိုထားပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအောက်တွင် လားရှိုးမြို့ အပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည်ဟု မျှော်လင့်မိသည်ဟု MNDAA ကထုတ်ပြန်သည်။
ကိုးကန့်ဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့ ဝေဟင်နှင့် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရမည်ဟု စစ်ကောင်စီဘက်ကို ကိုးကန့်တပ်က တောင်းဆိုထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ကလည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က ပြည်သူ့အကျိုးကိုငဲ့၍ အပစ်အခတ်ရပ်စဲမည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
ဓာတ်ပုံ-The Kokang