သံလွင်ခက်
ဒီဇင်ဘာ ၃၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆိုင်ခွန်ကျေးရွာအနီးကို ယနေ့နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ဆိုင်ခွန်ကျေးရွာအနီးရှိ နွားကျောင်းသားများနှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရှမ်း – ကယား နယ်စပ် တစ်နေရာသို့ ရောက်ရှိနေသည့် ကိုဟိန်းဇော်က သံလွင်ခက်ကို ပြောသည်။
“အဲ့ရွာက ရှမ်းရွာပေမယ့် ကယန်းတွေချည်းပဲ နေကြတာ။ အိမ်ခြေနည်းပြီး လယ်ခင်းတွေက ပိုကြီးတယ်။ အခုလည်း ဆိုင်ခွန်ရွာနားတစ်ဝိုက်ကျပြီး နွားကျောင်းသားလေးတွေ ထိတာ ရှိတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် Y12 (ကင်းထောက်လေယာဥ်) တစ်စီးအပါအဝင် Jet Fighter (တိုက်ခိုက်ရေး ရဟတ်ယာဥ်) များဖြင့် တစ်နာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ ၄၀ ခန့် ကြဲချခဲ့သည်ဟု သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဒေသသည် တိုက်ပွဲဖြစ်ပွားနေခြင်း မရှိသည့် နယ်မြေဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၃ ဦးရှိသည်ဟု ကနဦး သိရှိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးဘူးဟု ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ၏ အတွင်းရေးမှူး – ၂ ဗညားခွန်အောင် က ပြောသည်။
“တိုက်ပွဲကတော့ အနည်းနဲ့ အများ လွိုင်ကော်မြို့နယ်၊ မိုးဗြဲဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်မှုရှိတယ်။ ဖယ်ခုံမြို့နယ်အထွက် မိုးဗြဲဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရက်တိုင်းရှိပါတယ်။ ဒီရွာဘက်တော့ ဘာမှ မဆိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။
ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ဆိုင်ခွန်ကျေးရွာသည် ရီနွဲကျေးရွာအုပ်စုတွင် ပါဝင်ပြီး ထိုကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သည်ဟု ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု IEC ၏ အတွင်းရေးမှူး – ၂ ဗညားခွန်အောင် က ပြောသည်။
ပုံ – ပုံဟောင်း