ခြေထောက်ဖြတ်ထားရသည့် ဒဏ်ရာများ မကျက်သေးသော်လည်း မှာယူရရှိလာသော ခြေတုများ တပ်၍ ရဲဘော် ပီတာဦး လမ်းကြိုးစားလျှောက် နေသည်။
ပြင်းပြသည့်တော်လှန်ရေးစိတ်ဓာတ်ရှိသည့် လူငယ်ပီပီ ဒဏ်ရာသက်သာချိန်၌ တော်လှန်ရေးအတွက် တတ်သမျှ ပါဝင်နိုင်ရန် သူ စိတ်အားထက်သန်နေသည်။ သို့သော် သူသည် စိတ်ကူးယဥ်မဆန်။ လက်တွေ့ဆန်သည်။ သူလုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်သည်။ လမ်းလျှောက် ကျင့်သည်။ ကွန်ပြူတာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် သင်ယူနေသည်။
ခြေတုများကို အားပြုရင်း လမ်းပြန်လျှောက်နိုင်ရန် ကြိုးစားနေသည့် ရဲဘော်ပီးတာဦး တစ်ယောက် တစ်ဖက်မှာလည်း ဒုက္ခရောက်သည့် စစ်ရှောင်မိဘများအတွက် တွေးပူနေရသည်ဟု ဆိုပြန်သည်။
အသက် ၁၉ နှစ်ပင် မပြည့်သေးသည့် ရဲဘော်ပီတာဦးသည် သားအကြီးဆုံးတစ်ဦးဖြစ်သူပီပီ မိသားစုတာဝန်များအတွက် ခံစား၊ သိတတ်နားလည်နေသူပင် ဖြစ်သည်။ မိသားစုထဲတွင် သားအကြီးဆုံးဖြစ်သည့် ရဲဘော်ပီတာဦးသည် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တော်လှန်ရေးတိုက်ပွဲအတွင်း၌ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်။
မွေးချင်း ငါးယောက် ရှိသည့် ရဲဘော်ပီတာဦး၏ မိဘများအတွက် အားကိုးအားထားပြုရာ အရွယ်ရောက်ပြီးသား သားနှစ်ယောက်စလုံးသည် တော်လှန်ရေးအတွင်း ခြေထောက်များ ဆုံးရှုံးထားခဲ့ရသည်။ ခြေထောက်များ ထိခိုက်ခဲ့သည့် သားများအတွက် ပူပင်သောကများ ဖြစ်ချိန် မရနိုင်အောင်ကိုပင် ရဲဘော်ပီတာဦး၏ မိဘများသည် ပြင်းထန်သည့် ဒီးမော့ဆိုနယ်မြေ တိုက်ပွဲများအတွင်း စစ်ရှောင်များအဖြစ် ကာလရှည် ရုန်းကန်နေကြရသည်။
၁၃ နှစ်၊ ၁၁ နှစ်အရွယ် ညီမ နှစ်ယောက်၊ ၉ နှစ်အရွယ် ညီအငယ်ဆုံးတို့နှင့်အတူ မိဘများ စစ်ဘေးရှောင်ဘဝ ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သည်ဟု ရဲဘော်ပီတာဦးက ဆိုသည်။
“သူတို့က အခု ဘာမှ မလုပ်နိုင်ကြဘူး။ စစ်ဘေးရှောင်မှာ သွားနေရတာဆိုတော့ သူများ ထောက်ပံ့တဲ့ ဆန်တွေ အဲလိုမျိုးပဲ စားနေရတာပေါ့” ဟု လူမမယ်ကလေး ၃ ဦးနှင့် မိဘများ၏ လက်ရှိအခြေအနေကို ရဲဘော်ပီတာဦးက ပြောသည်။
ဆင်းရဲ၊ ဒုက္ခကြုံနေကြရသည့် မိဘများနှင့် ညီ၊ ညီမငယ်များအတွက် ကူညီပေးချင်သော်လည်း ကိုယ်တိုင်က ဒုတ္ခိတဘဝ ရောက်နေ၍ အားမလို အားမရဖြစ်ရသည်။ ထို့ကြောင့် ခြေတုတပ်ပြီး ရက်ပိုင်းအတွင်းမှာပင် လမ်းလျှောက်နိုင်ရန် ရဲဘော်ပီတာဦး အပြင်းအထန် လေ့ကျင့်နေသည်။
ဘယ်ခြေထောက်တွင် ပေါင်ရင်းနှင့် ညာခြေထောက်တွင် ဒူးအောက်တို့၌ ဖြတ်ထားရသည့် ရဲဘော်ပီတာဦးတစ်ယောက် လက်နှစ်ဖက်က တန်းများကို အားပြုရင်း ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ကျင့်သည်။
“အနာက နည်းနည်း ရှိသေးတော့ သွားလာ၊ သွားလာဆို ဆယ်ခေါက်ပေါ့နော်။ တစ်ခေါက်ကို ဆယ်လှမ်းလောက်တော့ လျှောက်နိုင်ပါတယ် ”
စကားသံဝဲဝဲဖြင့် ပြောနေသည့် ရဲဘော်ပီတာဦး လေသံ၌ လမ်းကောင်းကောင်း လျှောက်နိုင်ရန် ယုံကြည်မှု အပြည့် ရှိနေသည်။
သို့သော်လည်းလမ်းလျှောက်လျှင် ညာခြေထောက်အနာက နာနာနေသေးသည့် အခြေအနေ၊ အထိုင်အထ၊ အသွားအလာနှင့် ဝေယျာဝစ္စကိစ္စများအတွက် အဖော်ကိုပင် အားကိုးပြုနေရသည့် အခြေအနေများကို ရဲဘော်ပီတာဦး စိတ်ရှည်ရှည်ဖြင့် ကျော်ဖြတ်ရပေဦးမည်။
တော်လှန်ရေးအတွက် ခြေထောက်များ ပေးဆပ်လိုက်ရသည့် ဆယ်ကျော်သက် ညီအစ်ကို
****************************
လာမည့် ၂၀၂၃ ခုနှစ် မေလ၊ ၁၂ ရက်တွင်မှ ၁၉ နှစ် ပြည့်မည့် ရဲဘော်ပီတာဦးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလ အစောပိုင်းကတည်းက တော်လှန်ရေးရဲဘော်ဘဝကို အစပြုခဲ့သည်။
နိုင်ငံအနှံ့တွင် ကျောင်းသား၊ လူငယ်များစွာကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ၂၁ ရာစု လူငယ်အများစုက လက်မခံကြ။
ထိုအထဲတွင် ရဲဘော်ပီတာဦး တစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ မေလတွင် ဒီးမော့ဆိုမြို့ပေါ်၌ စတင်ခဲ့သည့် တိုက်ပွဲကတည်းက လက်နက်ကိုင်တော်လှန်ရေးရဲဘော် ဖြစ်နေပြီဟု သူက ဆိုသည်။
အာဏာသိမ်းကာလအတွင်း၌ ကရင်နီပြည်၏ တိုက်ပွဲ အများဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ပွားရာ ဒီးမော့ဆိုပြည်နယ်တွင် ရဲဘော်ပီတာဦးတို့လို စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ချင်နေသည့် လူငယ်များစွာ ရှိနေကြသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၌ ဒေါ့ငံခါးကျေးရွာ၌ နေထိုင်သည့် ရဲဘော်ပီတာဦးသည်
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၁ ၏ တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်သည်။
တစ်နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများမှ ရှမ်းတောင်ပိုင်းတိုက်ပွဲများအထိ အကြိမ်ကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။
တိုက်ပွဲတွင်းမှ အနိဌာန်ရုံမြင်ကွင်းများကို သူကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရသည်။ ဒဏ်ရာရရဲဘော်များကို ကယ်ထုတ်ခဲ့ရသည်။ ကျဆုံးရဲဘော်များကို ထမ်းထုတ်ခဲ့ရသည်။
မကြာခဏ ကြုံတွေ့ရသည့် အတွေ့အကြုံများကြောင့်ပဲလား။ ရုတ်တရက်ဖြစ်သွားသည့် ဖြစ်ရပ်ကြောင်းများပဲလား မသိ ထိခိုက်ဒဏ်ရာရချိန်၌ ကြောင်အန်အန်ဖြစ်နေခဲ့ရသည်ဟု ဆိုသည်။
“မိုင်းကို နင်းမိပြီးတော့ ခြေနှစ်ဖက် ပြတ်သွားတာပေါ့။ လှဲကျတဲ့ အချိန်ဆို ဘာမှ မသိဘူး။ နောက်ပြန်လှည့်ကြည့်တဲ့အခါ အရိုးထွက်နေတာ။ ခြေဖဝါးက ဖင်မှာ ကပ်နေတယ်။ ဘာမှလည်း ပြောမထွက်ဘူးပေါ့။ ငိုလည်း မထွက်၊ ရယ်လည်း မထွက် ဒီအတိုင်းပဲ။ ငြိမ်ပြီး အသာလေးနေခဲ့တာပေါ့” ဟု အမှတ်မထင် ဖြစ်သွားသည့်အခြေအနေတစ်ရပ်အား ရဲဘော်ပီတာဦးက
ပြန်ပြောင်းပြောပြသည်။
သူ့အတွက် အမှောင်မိုက်ဆုံးအချိန်နှင့် ကြုံတွေ့ရသည်က ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်၊ နံနက် ၁၀ နာရီခန့် အချိန်တွင်ဖြစ်သည်။ ထိုအချိန်က တိုက်ပွဲများ ပြင်းထန်နေသည့် ဒီးမော့ဆို ဒေါ့ငံခါးတိုက်ပွဲတွင်း၌ ကင်းထောက်တက်ခဲ့သည့် ရဲဘော်ပီတာဦးတို့အဖွဲ့သည် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုန်းရှောင်၍ နေရာရွှေ့ပြောင်းရင်း စစ်ကောင်စီတပ်ထောင်သည့် မိုင်းထိမှန်ခဲ့ကြသည်။
မိုင်းကို နင်းမိခဲ့သည့် ရဲဘော်ပီတာဦးက ခြေထောက် နှစ်ဖက် ပြတ်ခဲ့ပြီး အခြားရဲဘော်နှစ်ဦးကလည်း ခန္ဓကိုယ်အနှံ့တွင် ဗုံးစမှန် ဒဏ်ရာများ ရရှိခဲ့သည်။ သွေးအိုင်ထဲတွင် ခြေနှစ်ဖက်ပြတ် ဒဏ်ရာနှင့် မငြီးမငြူ မလှုပ်မယှက် လှဲနေသည့် ရဲဘော်ပီတာဦးကို အခြားရဲဘော်များက ပိတ်စများဖြင့် ဒဏ်ရာကို ပိတ်ဆို့စည်းထားပြီး တစ်လှည့်စီ ထမ်းထုတ်လာခဲ့ကြသည်။
မိုင်းထိမှန်သည့် နေရာသည် ရန်သူနှင့်အနီးကပ်နေရာဖြစ်၍ ကားယူလာ၍ မရသည့် အခြေအနေ၌ အချိန်နာရီဝက်ကျော်ကြာ ထမ်းပိုးခဲ့ကြရသည်။ ကားပေါ်ရောက်ချိန်တွင်လည်း ရဲဘော်ပီတာဦးတစ်ယောက် အချိန် ၄၅ မိနစ်ခန့်အကြာ ကားစီးခဲ့ရပြီးမှ ဆေးရုံသို့ ရောက်ခဲ့သည်။
“နေ့လည် ၁၂ နာရီလောက် ဆေးရုံရောက်ပြီး ဆရာမ နှစ်ယောက် လာကြည့်တာ တစ်ယောက်မှ ခွဲစိတ်ခန်းထဲ မထည့်ရဲဘူး။ ကျွန်တော် ဒီအတိုင်းပဲ အားတင်းနေခဲ့တာပေါ့။ နောက်ဆုံးတော့ ည ၈ နာရီ၊ ၉ နာရီလောက်မှ ကျွန်တော့်ကို ခွဲစိတ်ခန်းထဲ ခေါ်သွားတယ်။ သွေးလည်း အရေးပေါ် သုံးလုံး သွင်းလိုက်ရတယ်။ ကျွန်တော် ကံကောင်းသွားလို့ အသက်ရှင်ခဲ့တာပေါ့” ဟု ဆေးရုံတွင် ခွဲစိတ်ဆရာဝန်များ မရောက်လာမီ အချိန်အကြာကြီး အားတင်းနေခဲ့ရသည်ကို ရဲဘော်ပီတာဦးက ပြောသည်။
ဒဏ်ရာကို သုံးကြိမ်တိတိ ခွဲစိတ်ကုသခဲ့ပြီး နှစ်လနီးပါလောက် ဆေးရုံတက်ခဲ့ရပြီးနောက် ဇူလိုင်လ ၁၃ ရက်တွင် ရဲဘော်ပီတာဦး ဆေးရုံက ဆင်းခွင့်ရခဲ့သည်။ ဒဏ်ရာသက်သာလို့ ဆေးရုံးဆင်းလာခဲ့ရသည့် ရဲဘော်ပီတာဦးအတွက် ရက်ပိုင်းအတွင်းမှာပင် သတင်းဆိုး တစ်ခု ကြားခဲ့ရပြန်သည်။
မိမိတပ်ရင်းထဲမှ ညီဖြစ်သူသည်လည်း ဒီးမော့ဆို ဒေါ့ငံခါးကျေးရွာအတွင်း၌ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း မိုင်းထိမိ၍ ခြေထောက်တစ်ဖက် ပြတ်ခဲ့ရသည်။
“ကျွန်တော်ဖြစ်ပြီး နှစ်လတိတိ ၇ လပိုင်း ၂၆ ရက်မှာ သူမိုင်းထိတာ။ ညီအရင်းပေါ့။ ဘာမှလည်း အားပေးစကား မပြောနိုင်ဘူး သူ့ကိုလည်း” ဟု ကိုယ်တိုင်က ဒဏ်ရာနှင့် အိပ်ရာထဲမှာပဲ ရှိနေသေးချိန်ဖြစ်သောကြောင့် ညီဖြစ်သူအား သွားရောက်မကြည့်ရှု့နိုင်သည်ကို ရဲဘော်ပီတာဦးက ဆို့နင်စွာ ပြောသည်။
အသက် ၁၇ နှစ်ပင် မပြည့်သေးသည့် သူ၏ ညီသည် အငယ်ပင်ဖြစ်သော်လည်း မိသားစုအတွက် အနစ်နာခံသူဖြစ်၍ သူ့ထိခိုက်မှုအတွက် ရဲဘော်ပီတာဦး တစ်ယောက် ပိုပြီးတော့ပင် စိတ်မကောင်းဖြစ်ရသည်။
မိရိုးဖလာတောင်ယာ အလုပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသည့် ရဲဘော်ပီတာဦးတို့ မိသားစုသည် မိဘများ၏ လုပ်အားများဖြင့် မိသားစု ၇ ယောက်အတွက် အဆင်ပြေရန် ခက်ခဲလှသည်။
ထို့ကြောင့် ညီဖြစ်သူက ၈ တန်းဖြင့်ပင် ကျောင်းနား၍ မိဘများ အလုပ်ကို ကူညီခဲ့သည်ဟု ဆိုသည်။
ရဲဘော်ပီတာဦးက ကျောင်းဆက်တက်၍ ဆယ်တန်းအောင်လျှင် နိုင်ငံခြားထွက် အလုပ်လုပ်ရန် ရည်မှန်းထားသည်။ သို့သော်လည်း ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းဖြစ်စဥ်များကြောင့် ရဲဘော်ပီတာဦးတစ်ယောက် ကျောင်းဆက်မတက်နိုင်တော့သည့်အပြင် ခါးသီးလှသည့် ဘဝအချိုးအကွေ့ များစွာကိုပင် ရင်ဆိုင်ကျော်လွှားနေရသည်။
ပြည်နယ်လူဦးရေ၏ ထက်ဝက်ကျော် စစ်ရှောင်နေရသည့် ကရင်နီပြည်
*******************************
နောက်ဆုံးကောက်ယူထားသည့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ နှစ်သိန်းရှစ်သောင်းကျော်ရှိသည့် ကယားပြည်နယ်တွင် အာဏာသိမ်းကာလအတွင်း၌ စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းဝန်းကျင်အထိ ရှိနေသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗညားက သံလွင်ခက်ကို ယခုဒီဇင်ဘာလ တတိယအပတ်အတွင်း၌ ပြောသည်။
အာဏာသိမ်းကာလတစ်လျှောက်လုံး တိုက်ပွဲများ ဖြစ်နေသည့် ကရင်နီပြည်တွင် ဒီးမော့ဆိုမြို့နယ်သည် တိုက်ပွဲများ အပြင်းဆုံးဖြစ်ပြီး တစ်မြို့နယ်လုံးနီးပါး စစ်ရှောင်နေကြရသည်။
ဒီးမော့ဆိုမြို့နယ်တွင်းက ရဲဘော်ပီတာဦး မိဘများသည်လည်း အခြားစစ်ရှောင်များနည်းတူ ကျေးရွာ တစ်ရွာပြီး တစ်ရွာနှင့် တောတောင်များတို့၌ အကြိမ်ကြိမ် ရွှေ့ပြောင်း စစ်ရှောင်နေကြရသည်။
“လတိုင်း မကြည့်နိုင်ပေမယ့် နှစ်လ တစ်ခါ ကြည့်ဖြစ်တယ်။ တစ်ခါပေးရင် ဆန်တစ်အိတ်နဲ့ ပိုက်ဆံ တစ်သိန်း ဒါမှမဟုတ် ပိုက်ဆံ နှစ်သိန်း ပေးဖြစ်တယ်။ သူ့အတွက်ရော သူ့မိဘတွေအတွက်ရောပေါ့” ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ မှ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ အယ်မီးလျာနန်းက ပြောသည်။
တပ်ရင်းတွင်လည်း ခြေထောက်များ ဆုံးရှုံးထားရသည့် ရဲဘော် ၄ ဦးရှိနေပြီး တိုက်ပွဲစရိတ်များနှင့် စားသောက်ရေးစရိတ်များအပါအဝင် တပ်ရင်း၏ ကုန်ကျစရိတ်များကို ကြိုးစားရှာဖွေဖြည့်ဆည်းနေရခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရ ရဲဘော်များကို တပ်ရင်းမှလည်း အပြည့်အဝ တာဝန်မယူထားနိုင်ပေ။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရဲဘော်များအနေဖြင့် ၎င်းတို့၏ အသုံးစရိတ်နှင့် လိုအပ်မှုများအတွက် ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့်များဖြင့် အလှူခံခွင့်ပေးထားသည်ဟု အယ်မီးလျာနန်းက ပြောသည်။
“သူလိုတာက သူရဲ့ ဝေယျာဝစ္စ အထွေထွေ အသုံးစရိတ်။ ပြီးတော့ ကွန်ပျူတာလည်း လိုချင်တယ် ပြောတယ်။ တစ်ခါ တစ်ခါဆို မလွယ်ဘူးလေ။ သူက အိမ်သာတက်ရတာတို့ ဘာတို့ ခဏ ခဏ ကုန်တာက တစ်ရှူးရယ်။ ပလတ်စတစ်ရယ်။ နောက်ပြီး အနွေးထည်ရယ်၊ စောင်ရယ် လိုနေတယ်။ သူ့မိဘအတွက်ရော ဆန်လိုအပ်မှု ရှိတယ်” ဟု အယ်မီးလျာနန်းက ပြောသည်။
အခက်အခဲများ လိုအပ်မှုများကြားမှ ကြိုးစားနေသည့် ရဲဘော်ပီတာဦးသည် တပ်ရင်းပြန်ကြားရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီနိုင်ရန် ကွန်ပြူတာ သင်ကြားလေ့ကျင့်နေပြီး ကိုယ်ပိုင် ကွန်ပြူတာ မရှိ၍ လေ့ကျင့်ချိန် နည်းနေရသည်ဟု ဆိုသည်။
ထို့ပြင် အဖော်အကူ မလိုဘဲ လမ်းလျှောက်ရန် သူကြိုးစားလေ့ကျင့်နေခဲ့သော်လည်း အနာမှ ပြည်များ ပြန်ထွက်လာ၍ လမ်းလျှောက်ခြင်းကို ခဏနားထားရသည်။
“ကွန်ပြူတာကိုပဲ ကောင်းကောင်း အသုံးပြုနိုင်ဖို့ လေ့ကျင့်ရင် ကောင်းမလားပဲနော်။ ဒီလောက်ပဲ ကျွန်တော် တွေးထားနိုင်တယ်ပေါ့။ လောလောဆယ်တော့” ဟု သူ ရှေ့ဆက်လုပ်ဆောင်ရန် ရည်မှန်းချက်များ ဝေဝါးနေချိန်၌ လတ်တလော သူလုပ်ဆောင်နိုင်သည်ကို ရဲဘော်ပီတာဦး ဆိုသည်။
သူတို့ ပြည်နယ်တွင် စစ်ရေး မငြိမ်မသက်ဖြစ်နေဆဲအခြေအနေ၊ သူ့ဘဝ ရပ်တည်ရန် ခက်ခဲသည့် အခြေအနေတို့နှင့် ကြုံနေရသော်လည်း ရဲဘော်ပီတာဦး တစ်ယောက် စိတ်ပျက်၊ အားငယ်သည့် စကားများကို တစ်ခွန်းမျှ မဆိုသည့်အပြင် ဘဝတူ ရဲဘော်များကိုပင် အရာရာကို အားတင်းကျော်ဖြတ်ကြရန် ထပ်ကာ ထပ်ကာ အားပေး ပြောဆိုနေသည်။ တော်လှန်ရေးမှာ ခြေထောက်နှစ်ဖက် စလုံး ဆုံးရှုံးထားရသော်လည်း သူပြောနေကျ စကားက “အဆင်ပြေပါတယ်” ဆိုသည်ပင်။
(ရဲဘော်ပီတာဦး၏ လိုအပ်ချက်များနှင့်စစ်ရှောင်မိသားစုအတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် ဖော်ပြပါ ပီတာဦး၏ FB အကောင့် https://www.facebook.com/profile.php?id=100064373029616 မက်ဆင်ဂျာတွင် ဆက်သွယ်မေးမြန်းနိုင်သည်)
Saw Smith ရေးသားသည်။