နန်းဆုပန်ခန့်
နိုဝင်ဘာ ၂၇၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၃ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒိုမြို့နယ် (ကျောက်ကြီး) အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် (၇) ရက် အတွင်း ပြည်သူပိုင်အဆောက်အဦး ထိခိုက်ပျက်စီးမှုအပြင် ဒေသခံများဖမ်းဆီးခံရသည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။
ခလယ်လွီထူအခြေစိုက်သော စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၀ ရက်မှ ၂၆ ရက်အထိ ၇ ရက်တာကာလအတွင်း လက်နက်ကြီးဖြင့် ၁၈ လုံး၊ ဒရုန်းဖြင့် အကြိမ် ၂၀ တိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ ၆ ဦးထိခိုက်ပြီး နေအိမ် ၃ လုံး၊ ဆေးပေးခန်း ၂ ခန်း၊ ဆန်စက် ၁လုံးနှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ရသည့်အပြင် ပြည်သူ ၁ ဦးမာလည်း အကြောင်းမဲ့ဖမ်းဆီး ခြင်း ခံခဲ့ရသည်ဟု ကေအဲန်ယူထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်ကို ပြုလုပ်သောစစ်ကောင်စီတပ်များမှာ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄၊ စဉ့်အိုးလာကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်၊ သူဌေးကုန်းကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်၊ ကုန်းချောင်းဝမှ နေရာယူထားသော စစ်ကောင်စီတပ်၊ နတ်သံကွင်းရှိ စကစတပ်၊ ကျောက်တံခါးရှိ စစ်ကောင်စီတပ်များ ဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်များသည် ရေတွင်းကုန်းကျေးရွာရှိ ချိန်းချောင်းတံတား၊ အလယ်ကျွန်းကျေးရွာ၊ နံဇကျေးရွာ၊ ဂရုပ်ကုန်း၊ ကျောင်းကုန်းကျေးရွာ၊ ဝါချဲကျေးရွာ၊ တလှိုင်းခင်ကျေးရွာ၊ လိန်ပင်ကျေးရွာ၊ နိုဖိုးကျေးရွာ၊ ဖျံတလင်းကျေးရွာ၊ ခိုလိုကျေးရွာ၊ သူးကဘီး (ကျွဲတလင်း)ကျေးရွာရှိ ဆေးပေးခန်း၊ တောကြောင် ပေါက်ရွာ၊ ပဲသောင်ကျေးရွာများတွင် ပစ်ခတ်ခဲ့သည်။
ဒေသခံ ၆ ဦး ထိခိုက်သည့်အထဲတွင် အသက် ၃၈ နှစ်တစ်ဦးပါဝင်ပြီး ကျန်ဒေသခံများမှာ ၅၅ နှစ်မှ ၇၅ နှစ်ကြား သက်ကြီးပိုင်းများဖြစ်ကြသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ၅ ရက်တာအတွင်းမှာလည်း စစ်ကောင်စီစစ်တပ်မှ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး စုစုပေါင်း ၈၆ လုံး၊ ကျောင်းချိန်အတွင်း စာသင်ကျောင်းသို့ ဒရုန်းဖြင့်လက်နက်ကြီး ၈ လုံး ပစ်ခတ်သောကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ကျောင်းသူ နှစ်ဦးနှင့် ပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်သည်။
ဓါတ်ပုံ − ကေအဲန်ယူ
ပုံစာ – စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ။