သံလွင်ခက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄။
ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသည့် ပြည်သူများအတွက် ရုရှားနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နေပြည်တော်သို့ရောက်ရှိလာပြီဟု ယနေ့ထုတ် သတင်းစာများမှတဆင့် စစ်ကောင်စီက ထုတ်ပြန်သည်။
တန်ချိန် ၃၅ တန်ခန့်ပါဝင်သော ထောက်ပံ့ရေးပစ္စည်းများကို ရုရှား အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာနနှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန တို့အပြင် ရုရှားနိုင်ငံနျူးကလီးယားစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) နှင့် ရုရှားပိုင် Aquarius ကုမ္ပဏီအုပ်စုများက ထောက်ပံ့ကူညီပေးခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Mr. Iskander Azizov က စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မနေ့ နိုဝင်ဘာ ၂၄ ရက်တွင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ရုရှား၏ လှူဒါန်းမှုကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အကူအညီပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပေးမည်ဟု စစ်ကောင်စီက ကတိပေးထားသည်။
ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ မြို့နယ် ၇၀ကျော်နှင့် လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန(MOI)