သံလွင်ခက်
နိုဝင်ဘာလ ၂၂၊၂၀၂၄။
တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် ၊ မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းမှ ဗုံးထပ်မံ ကြဲချမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယမန်နေ့တွင် ထုတ်ပြန်သည် ။
နိုဝင်ဘာလ ၂၀ရက် ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ကုန်းကြီးကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကြဲချခဲ့ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲရှိအသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နည်းတူ ညသန်းခေါင်အချိန်၌လည်း ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ပေါင် ၅၀၀ ဗုံးတစ်လုံးကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး သေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့တွင် ၃ပတ်တာကာလအတွင်း ဒေသခံ ၁၇ ဦးသေဆုံးပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပျက်စီးခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLAအနေဖြင့် ဒေသခံ ပြည်သူများအား လေကြောင်းတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် ၊စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန်ကာကွယ်မှုဆိုင်ရာ အသိပေးထုန်ပြန်ချက်မျာအား လိုက်နာဆောင်ရွက်ရန် အသိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နောင်ချို့မြို့ရှိ မြင်ကွင်းတချို့။(PSLF/TNLA)