ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၉၊ ၂၀၂၄။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကိုအကြောင်းပြကာ ထောင်အာဏာပိုင်များက အကျဉ်းသားများ၏ ရေအသုံးပြုခွင့်ကို ကန့်သတ်ထားရာ ယားနာရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ယမန်နေ့တွင်ထုတ်ပြန်သည်။
လက်ရှိတွင် ခွက်ရေအတွက်ဖြင့်သာ ရေချိုးနေရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် ပုံမှန်ရေချိုးခွက်ဖြင့် ခွက်ရေ ၁၀ ခွက်မှ ၂၀ ခွက်သာ အသုံးပြုခွင့်ရနေခြင်းဖြစ်သည်။
အကျဉ်းသားတစ်ဦးကိုလည်း အဝတ်အစားနှစ်စုံသာသတ်မှတ်ထားပြီး အဝတ်အစားများ လျှော်ဖွတ်ရာတွင် ရေအသုံးပြုခွင့်အကန့်အသတ်များကြောင့် ကောင်းစွာ လျှော်ဖွတ်ခွင့်မရရှိဘဲ ပြန်လည်ဝတ်ဆင်နေရသည်ဟု သိရသည်။
ထို့ပြင် လက်ရှိအိုးဘိုအကျဉ်းထောင်တွင် အိမ်သာရေလည်း လုံလောက်စွာမရရှိသည့်အတွက် အညစ်အကြေးများကို သန့်ရှင်းအောင်မပြုလုပ်နိုင်ခြင်းကြောင့် အခန်းတွင်း အနံ့အသက်ဆိုးရွားမှုများ ခံစားနေရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အကျဉ်းထောင်တွင် သတ်မှတ်လူဦးရေထက် ကျော်လွန်စွာထားရှိသည့်အတွက် တစ်ဦးနှင့်တစ်ဦး ထိကပ်စွာနေထိုင်ကြရပြီး အဆိုပါ ထိကပ်မှုများမှတဆင့် ယားနှာကူးစက်မှုများ ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။