သံလွင်ခက်
နိုဝင်ဘာ ၈၊၂၀၂၄။
စစ်ကောင်စီက ဝါဒဖြန့် ဘာသာရပ်အချို့ကို ၎င်းတို့လက်အောက်မှာရှိသည့် အခြေခံပညာရေး စာသင်ကျောင်းများတွင် ထည့် သွင်းသင်ကြားရန် ပြင်ဆင်နေသည်ဟု ပြည်တွင်းပဋိပက္ခဖြစ်စဉ်များကို လေ့လာဆန်းစစ်နေသည့် Burma Affairs and Conflict Study-BACS က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယခုနှစ် ကျန်ရှိနေသာ စာသင်နှစ် သို့မဟုတ် လာမည့် ပညာသင်နှစ်များတွင် စစ်မှုထမ်းဥပဒေ၊ စစ်ကောင်စီရေးဆွဲထားသည့် အခြေခံဥပဒေနှင့် အကြမ်းဖက်ဥပဒေစသည့် ဝါဒဖြန့်ဘာသာရပ်များကို အခြေခံပညာကျောင်းများ၌ သင်ကြားရန်ရှိနေသည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည် နှင့် ရှမ်းပြည်တောင်ပိုင်း စသည့် စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့ကြီးများတွင် အထက်တန်းအဆင့် ဆရာ/ဆရာမများအား သင်ကြားပို့ချရမည့် သင်ခန်းစာများအတွက် ရက်တိုသင်တန်း ပေးခဲ့ပြီး စုစုပေါင်း ဆရာ/ဆရာမ (၇၀၀)ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
အဆိုပါသင်တန်းများကို စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း အလားတူသင်တန်းများပို့ချနိုင်ရန် စတင်အကောင်အထည်ဖော်နိုင်ချေရှိသည်ဟု BACS ကဆိုသည်။
အဆိုပါ ဥပဒေပညာရပ်များကို ယခင်က တက္ကသိုလ်ရောက်မှသာ သီးသန့်လေ့လာသင်ယူကြရပြီး လက်ရှိအခြေအနေတွင် အခြေခံပညာကျောင်းများမှ စတင်ကာ ဆယ်ကျော်သက် ကလေးငယ်များထံ ဝါဒဖြန့် သင်ကြားရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် နိုင်ငံတကာကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်သည်ဟု စစ်ကောင်စီပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ရက်တွင် ပြောကြားခဲ့ဖူးသည်။
ဓာတ်ပုံ-စစ်ကောင်စီ ပြန်ကြားရေးဌာန