ခင်သရဖီဦး
နိုဝင်ဘာ ၇၊၂၀၂၄။
ရခိုင်ပြည်တွင် စစ်ကောင်စီ ထုတ်အရက်ဘီယာများအား တင်သွင်းရောင်းချခွင့်အား အာရက္ခတပ်တော် AA ကကန့်သတ်ပြီးနောက် လက်ကျန်ရှိနေသည့် အရက်ဘီယာရောင်းချနေရသူများ အရှုံးပေါ်နေသည်ဟု အရောင်းဆိုင်တချို့ထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ AA က ပြည်မထုတ် ဘီယာ၊ အရက်၊ ဝိုင်းများအား ရခိုင်ဒေသအတွင်းသို့ တင်သွင်းခွင့်နှင့် ရောင်းချခွင့်အား ပိတ်ပင်လိုက်ပြီး ကျန်ရှိနေသည့် အရက်ဘီယာများကို (၃)လ အတွင်း အပြီးသတ်ရောင်းချရန် ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အများကြီးတော့ မကျန်တော့ပါဘူး။ ဝယ်ဈေးက ဘီဘာ(အတို) တစ်ဗူးကို ခရီးစရိတ်နဲ့ဆို ၉,၀၀၀ ကျပ်ကျော်တယ်။ ဒါပေမဲ့ ၁၂ လပိုင်းကုန်ရန် အကုန်ရောင်းရမှာဆိုတော့ အခုက တစ်ဗူးကို ၇,၀၀၀ ကျပ်လောက်နဲ့ ပြန်ရောင်းနေရတာပေါ့။ ဆိုတော့ အရှုံးပေါ်တာပေါ့” ဟု မြေပုံမြို့နယ်တွင် အရက်၊ ဘီယာ ရောင်းချနေသူတစ်ဦးက ဆိုသည်။
ထို့အတူ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင်စသည့် မြို့နယ်များတွင်လည်း အရက်ဘီယာများ ရောင်းအားကျလျက်ရှိသဖြင့် အရှုံးခံပြီး ရောင်းချနေကြသည်ဟု သိရသည်။
မင်းပြားမြို့မှ ဘီယာ ရောင်းချနေသူတစ်ဦးက “အခု ဝါကျွတ်တုန်းက နည်းနည်းပိုရောင်းချတယ်။ အခု တန်းဆောင်တိုင်းလာရင်လည်း နည်းနည်းပါးပါး ပိုရောင်းရမှာပေါ့လေ။ အဲဒါပြီးရင်တော့ ပွဲတွေလည်း သိမ်မရှိတော့ အခုထပ် ပိုပြီး ဈေးချ ရောင်းချမယ့် အခြေအနေပါ။ ရှံးတာကတော့ အများကြီး ရှုံးတာပေါ့။ အမိန့်ထုတ်လိုက်ကတည်းက ကျနော်က လျော့ရောင်းနေတာလေ” ဟု ၎င်းက ဆိုသည်။
ရခိုင်တွင် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်းများအား ထုတ်ပြန်လိုက်သည့်နေ့မှ စ၍ (၃)လအတွင်း အပြီးသတ်ရောင်းချရန် ညွန့်ကြားထားခြင်းဖြစ်ပြီး ဆက်လက်တင်ပို့ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း AA က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ကန့်သတ်ထားသည့် ယစ်မျိုးကုန် မှန်သမျှကို ထပ်မံ တင်သွင်းခြင်း လုံးဝ မပြုလုပ်ရကြောင်းနှင့် တင်သွင်းသူများအားလည်း ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ပုံစာ- ၂၀၂၁ ခုနှစ်မှစ၍ သပိတ်မှောက်ခြင်းခံထားရသည့် စစ်တပ်ထုတ်ကုန်များ။