သံလွင်ခက်
နိုဝင်ဘာ ၈၊၂၀၂၄။
ထိုင်းဝန်ကြီးချုပ် ပေထုံထန် ရှင်နာဝပ်တွာသည် လာမည့်သတင်းပတ်အတွင်း တရုတ်၊ အမေရိကန်နှင့် ပီရူးနိုင်ငံသို့ သွားရောက်တွေ့ဆုံမည်ဟု အစိုးရဆိုင်ရာပြောရေးဆိုခွင့်ရှိသူ ဂျီရာယုဟွမ်းဆပ်က အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။
ယခုနိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် တရုတ်နိုင်ငံကူမင်းမြို့၌ ကျင်းပမည့် ၁၀ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူ ဟာ ထိပ်သီး အစည်းအဝေး (10th Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy Summit) သို့ ထိုင်းဝန်ကြီးချုပ် ပေထုံထန်တက်ရောက်နေခြင်းဖြစ်သည်။
ထို အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ၊ ခရီးသွားလုပ်ငန်း၊ လယ်ယာစိုက်ပျိုးမှု၊ စွမ်းအင်နှင့် ပို့ဆောင်ဆက်သွယ်ရေး စသည့် ဆက်စပ်အကြောင်းအရာများဆွေးနွေးခဲ့ကြပြီး ပေထုံထန်၏ အတွင်းရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး ၊ဘဏ္ဍာရေးဝန်ကြီးတို့လည်း ပါဝင်ခဲ့ကြသည်ဟု ထိုင်းအခြေစိုက် မီဒီယာ The Nation Thailand ကဖော်ပြသည်။
အဆိုပါအစည်းအဝေးအပြီး ထိုင်းဝန်ချုပ်ကြီးသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ သွားရောက်ရန်ရှိပြီး ထိုမှတစ်ဆင့် နိုဝင်ဘာ ၁၀ မှ ၁၈ ရက်အထိ ကျင်းပမည့် APEC ထိပ်သီး အစည်းအဝေးတွင် စီးပွားရေးခေါင်းဆောင်များနှင့် ပီရူးနိုင်ငံ လီမာမြို့တွင် သွားရောက်တွေ့ဆုံမည်ဟု သိရသည်။
ထိုင်းမီဒီယာ တစ်ခုဖြစ်သည့် A Nation TV သတင်းအစီအစဉ်တစ်ခုတွင် ပေထုံထန်သည် ထိုင်းဝန်ကြီးချုပ်ဖြစ်ပြီး နှစ်လအကြာမှာပင် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းများစွာ ရရှိထားသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလကလည်း ကာတာနိုင်ငံနှင့် လာအိုနိုင်ငံများသို့သွားရောက်ပြီး အာရှပူးပေါင်းဆောင်ရွက်မှုနှင့် အရှေ့တောင်အာရှ နိုင်ငံများ ညီလာခံကိုလည်း တက်ရောက်ခဲ့သေးသည်။
ဓါတ်ပုံ – AP