သံလွင်ခက်
နိုဝင်ဘာ ၅၊ ၂၀၂၄
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည့် ကူမင်းမြို့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး(GMS)ကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချန် ဦးဆောင်ကြီးမှူး ကျင်းပမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့က ထုတ်ပြန်သည်။
၈ကြိမ်မြောက် GMS အစည်းအဝေးကို နိုဝင်ဘာ ၆ရက်မှ ၇ရက်အထိ ကျင်းပမည်ဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုစသည့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဖြစ်သည်။
စစ်ခေါင်းဆောင်သည်လည်း အစည်းအဝေးတက်ရောက်ရန် နေပြည်တော်မှတဆင့် Myanmar Airways International(MAI) လေကြောင်းလိုင်းလေယာဉ်ဖြင့် ကူမင်းမြို့သို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ခဲ့သည်။
မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို ဖော်ပြရာတွင် တရုတ်အစိုးရ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်သည်ဟု စစ်ကောင်စီက ဆိုသည်။
ထို့အပြင် စစ်ခေါင်းဆောင်သည် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက်သွားမည် ဖြစ်သည်။