သံလွင်ခက်
နိုဝင်ဘာ ၂၊ ၂၀၂၄။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီတပ်မှာယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထံက သိရသည်။
အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင် စခန်းမှ သစ်ပုတ်ကျေးရွာ တာဝါတိုင် အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးစဉ် သစ်ပုတ်ကျေးရွာနှင့် ပြန်ချီတက်ကျေးရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
“သေဆုံးအလောင်းနဲ့ ဒဏ်ရာရတဲ့သူတွေကို သစ်ပုတ်ဘက်ကို ပြန်သယ်သွားကြတယ်” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းထားသဖြင့် ယခုချိန် သစ်ပုတ်ကျေးရွာရှိ တာဝါတိုင် အထိုင်စခန်းတွင် စစ်ကောင်စီအင်အား ၆၀ ခန့်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အဆိုပါ သစ်ပုတ်တာဝါတိုင်စခန်းကို ဩဂုတ်လ ၁၅ ရက်ကလည်း အင်အားဖြည့် စစ်ကြောင်းထိုးသဖြင့် စခန်းမရောက်မီ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ သေဆုံးခဲ့သည်ဟု သိရသည်။
ပုံစာ – ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ