သံလွင်ခက်
နိုဝင်ဘာ ၅၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ရှိ ချစ်ဂေါ (Chit Gaw) ကျေးရွာနှင့် နုကြုံ (Nu Chyang) ကျေးရွာကို ချိတ်ဆက်ထားသည့် တံတား မိုင်းခွဲဖျက်ဆီးခံရသဖြင့် ဒေသခံပြည်သူများ သွားလာရေး ခက်ခဲလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါတံတားကို ဦးဇခုန်တိန်ယိမ်း၏ သားဖြစ်သူ ဇခုန်ယိမ်းဆောင်က နိုဝင်ဘာလ ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် မိုင်းဖြင့် ဖောက်ခွံဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု KIA ရှေ့တန်းရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ပျက်သွားတဲ့ တံတားအောက်ချိုင့် ကနေ ကြိုးတွေနဲ့ဆွဲပြီး သွားနေရတယ်၊ ဒေသခံတွေ တော်တော်ခက်ခက်ခဲခဲဖြစ်နေတာ” ဟု ပြောသည်။
ထိုလမ်းပိုင်းသည် ဦးဇခုန်တိန်ယိမ်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) နယ်ခြားစောင့်တပ် – BGF တို့ တပ်စွဲရာ ဖီမော်ကျေးရွာသို့ သွားရာ လမ်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်သည် အောက်တိုဘာ ၃၁ ရက်က နယ်ခြားစောင့်တပ် (BGF) တပ်ရင်း – ၁၀၀၁ ဌာချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ဖီမော်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် – BGF ပူးပေါင်းတပ်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ရုပ်သံ – ပေးပို့(ဒေသခံ)