ခင်သရဖီဦး
နိုဝင်ဘာ ၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် စစ်ကောင်စီက မြိုဝင်မြိုထွက်အား ပိတ်ဆိုထားပြီး မြို့ခံများနှင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ၆,၀၀၀ ဝန်းကျင်ကို လူသားဒိုင်းကာအဖြစ် ပြီးခဲ့သည့် အောက်တိုဘာလ (၂၅)ရက်နေ့မှစတင်၍ ပိတ်လှောင်ထားသည်ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။
“ စစ်တပ်က အမ်းမှာ လူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားတာရှိတယ်၊ အမ်းမြိုခံ ၁,၀၀၀ လောက်ပိတ်မိနေတာ။ အခုက အမ်းမြိုအနီးအနားက ရွာတွေက လူတွေကို ခေါ်-ပြီး မြို့ထဲလိုက်သွင်းပြီးတော့ လူပေါင်းက ၅,၀၀၀ အထက်ကို ရှိတာကို သိရတယ်။ နောက် အဲဒီလူတွေကို မြိုထဲကို သွင်းပြီးတော့ စစ်တပ်က အဝင်အထွက် ပိတ်ထားတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ပိတ်မိနေသည့် ဒေသခံများမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်များလည်းရှိနေသည်ဟု သိရသည်။
“ အခုက လက်နက်ကြီးတွေကလည်း လူနေရပ်ကွက်တွေကို ကျတယ်။ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်။ ဆိုတော့ ဆေးရုံးမှာက ဆေးဝါးတွေကို စစ်တပ်က သိမ်းသွားတော့ ဆေးမရှိဘူး။ နောက် စားနပ်ရိက္ခာကလည်း အစကတည်းက အခက်အခဲရှိတာပေါ့လေ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်တွင် စစ်ကောင်စီက အမ်းမြို့ထဲသို လက်နက်ကြီး ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ (၁၀) ဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာ ဆေးဝါးမရှိသည့်အတွက် ကုသမှု အပြည့်အဝမရဖြစ်နေသည်ဟု သိရသည်။
အမ်းဌာနချုပ်မကျရေးအတွက် စစ်ကောင်စီမှာ အပြင်းအထန် ခုခံလျက်ရှိနေသည်ဟု အာရက္ခတပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက APM မီဒီယာအား ပြောဆိုထားသည်။
“ အမ်းမြို နောက်ဆုံး အခြေအနေကတော့ အမ်းအခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်စခန်းတွေ အားလုံးနီးပါးမှာ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေပါတယ်။ ကျနော်တို အာရက္ခတပ်တော်က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက် နိုင်ဖို အပြင်းအထန် ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် အမ်းမြို့မှ စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်း၊ တောဟိန်းတောင်ဗျူဟာစခန်း၊ မဲတောင်ဗျူဟာကုန်းစခန်းကြီးများကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် တပ်စခန်းများအား အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေလျက်ရှိသည်။