သံလွင်ခက်
နိုဝင်ဘာ ၂၊ ၂၀၂၄။
မန္တလေးမြို့တွင် မြန်မာအမျိုးသမီးငယ်များကို ပစ်မှတ်ထားကာ တရုတ်မယားအဖြစ်လုပ်ကိုင်ရန် စည်းရုံးလှုပ်ရှားနေသည့် လူကုန်ကူးဂိုဏ်းတစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်တွင် ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီက ယနေ့တွင် သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းတွင် မန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်မှတဆင့် ထိုင်းနိုင်ငံသို့ Myanmar Airways International(MAI) လေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်ဆိုသူနှင့် အမျိုးသမီးငယ်သုံးဦးကို မသင်္ကာဖွယ်တွေ့ရှိစစ်ဆေးရာမှ လူကုန်ကူးဂိုဏ်းဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသူများကို စစ်မေးရာမှတဆင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း သတင်းဖော်ထုတ်ရရှိခဲ့ပြီး နောက်ထပ် အမျိုးသမီး ၁၁ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ လူကုန်ကူးခံရသည့် အမျိုးသမီးများသည် လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်သည်ဟု စစ်ကောင်စီက ဖော်ပြထားသည်။
အဆိုပါလူကုန်ကူးဂိုဏ်းကို ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားဆိုသူက ဦးဆောင်ပြီး ပါဝင်ပတ်သက်သူများဖြစ်သော ချစ်ထူးနှင့်၎င်း၏ဇနီး ဖြိုးဖြိုးဝေ၊ တရုတ်နိုင်ငံသားများဖြစ်သည့် ကောင်းဖိန်းရင်၊ လင်ကျန်းနှင့်၎င်း၏မိခင် လင်မန်ဖန်တို့အား ဖမ်းမိထားကာ မေထက်နိုင်ဦး(ခ)မထက်နှင့် ဇင်သူခိုင်ဆိုသူတို့အား ဖမ်းမိရန် ဆက်လက်စုံစမ်းဆဲဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများအား ပြည်ကြီးတံခွန်မြို့မရဲစခန်းနှင့် တံတားဦးလေဆိပ်နယ်မြေရဲစခန်းတို့တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုလေးမှုဖွင့်ထားသည်ဟု သိရသည်။
ပုံစာ- စစ်ကောင်စီထုတ်ပြန်ထားသော လူကုန်ကူးဂိုဏ်းနှင့် လူကုန်ကူးခံရသည့် အမျိုးသမီးငယ်များ