နန်းဆုပန်ခန့်
နိုဝင်ဘာ ၂၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး – ကေအဲန်ယူ၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်းရှိ၊ ခေါပုပ် စစ်ကောင်စီစခန်းအား သိမ်းပိုက်ရာတွင် လက်နက်ကြီးများနှင့် အခြားလက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါစခန်းအတွင်း သိမ်းပိုက်နိုင်သည့် လက်နက်များမှာ 60mm(၁၁)လက်၊ RPG-7(၃)လက်၊ 81mmတစ်လက်၊ K-3(၉)လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို(၁၉)ထုပ်၊ 16-နင်းမိုင်း(၁၆)လုံး၊ 14-နင်းမိုင်း(၁၀)လုံး၊ တိုက်ဗုံး(၉)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး(၂)လုံး၊ 60mmကျည်(၁၃)တောင့်နှင့် RPG-7ကျည်ဖူး(၅)တောင့် ဖြစ်သည်ဟု မူတြော်သတင်းစဉ်က ဖော်ပြသည်။
ခေါပုပ်စခန်းကို အောက်တိုဘာလ ၂၉ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။
လူအင်အား ၁၀၀ ကျော်ရှိသည့် ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရအရေးပါသည့်စခန်းတစ်ခုဖြစ်ကာ ၎င်းတပ်စခန်းအား ၁၉၉၂ခုနှစ်မှ စပြီးလာရောက်တပ်စွဲထားသောကြောင့် ၃၂ နှစ်အကြာမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များက ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ခေါပုပ်စခန်းတွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ(၁၉)၊ ခမရ(၄၃၄)၊ ခမရ(၃၄၀)နှင့် ခမရ (၃၄၁) တပ်ရင်းများမှ စုပေါင်းတပ်စွဲထားပြီးသည့်အချိန်မှစ၍ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်ခဲ့သည်ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအပြီးတွင် KNLA ဘက်မှ လိုက်လံရှင်းလင်းနေဆဲဖြစ်သောကြောင့် စစ်ကောင်စီတပ်သားများအား ဖမ်းဆီးရရှိမှုနှင့် ၎င်းတို့ ထိခိုက်သေဆုံးမှုကို အတည်ပြု၍မရသေးခြင်းဖြစ်သည်ဟု တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ပုံစာ- ခေါပုပ်စခန်းမှ သိမ်းဆည်းနိုင်သည့် လက်နက်ခဲယမ်းများ။