သံလွင်ခက်
နိုဝင်ဘာ ၁၊ ၂၀၂၄။
မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာသဖြင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ပတ်ကျော်ခန့်ရှိပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းထံက သိရသည်။
အင်အား ၇၀၀ ခန့်ရှိသည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တို့နှင့် ယနေ့နံနက်ပိုင်းတွင် ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာအုပ်စုရှိ ကျောင်းနိမ့်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြိတ်ခရိုင်အမှတ်(၁) တပ်ရင်း၏ သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးက သံလွင်ခက်ကို ပြောသည်။
“ပြည်ထောင်စုလမ်းမတကြော တိုက်ပွဲဖြစ်နေတာပါ၊ ဒီနေ့မနက်ပိုင်း ပစ်ခတ်မှုဖြစ်ပြီး လတ်တလော ငြိမ်နေတယ်” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ ပြည်ထောင်စုလမ်းမတလျောက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီးကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်.
အောက်တိုဘာ၂၆ ရက်နှင့် ၂၇ ရက်တွင် ကဒဲကျေးရွာကို စစ်ကောင်စီဝင်ရောက်တပ်စွဲကာ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုစစ်ကောင်စီ စစ်ကြောင်းကြောင့် ကြဲရွာအပါအဝင် ကဒဲ၊ တပို၊ ဇရပ်ဆိပ်နှင့် ကျန်ကျေးရွာများမှဒေသခံများမှ အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ နေရပ်စွန့်ခွာ တိုက်ပွဲတိမ်းရှောင်နေကြရသည်။