မောင်ဘဦး
နိုဝင်ဘာ ၂၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့် ဒေသခံ ၅၀ ဝန်းကျင်ထဲမှ သက်ကြီးရွယ်အို အမျိုးသမီး ၂ ဦနှင့် အမျိုးသား ၁ ဦး ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ ၃ ဦးသည် အသက် ၆၀ ဝန်းကျင်အရွယ်များဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယအပတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
” အသက်ရွယ် ကြီးသူတွေလွှတ်တဲ့သဘောလားတော့မသိဘူး။ သူတို့အတွက် အသုံးမဝင်လို့ လွှတ်တာလည်းဖြစ်နိုင်တာပေါ့။ အန်တီတို့က ညီအမနှစ်ယောက်နဲ့ ဘုတလင်မြို့ပေါ်က အမျိုးသားတယောက်၊ ဖမ်းခံရတာတော့ ၆၀ ရှိတယ်” ဟု ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရစဉ် ညှင်းပန်းနှိပ်စက်မှုမရှိကြောင်းနှင့် ၎င်းတို့ ၁၁ ဦးဖမ်းဆီးခံရသည့် ၁၁ ဦးအဖွဲ့မှ ၃ ဦးလွတ်မြောက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ဘုတလင်မြို့နယ်အတွင်း နမခ၏ဒုတိယအကြိမ်စစ်ကြောင်းထိုးခြင်းကြောင့် ငပုယင်း၊ တတ်လှိုင်း၊ စီပါ၊ ပဲမြစ်တောအရှေ့ရွာ၊ အနောက်ရွာ၊ ငပုယင်း၊ နတ်ရွာ၊ အုတ်ဖို စသည့်ကျေးရွာများမှ ဒေသခံ ၁၀, ၀၀၀ နီးပါ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်မှ ၁၇ ရက်အတွင်း ပထမအကြိမ်စစ်ကြောင်းထိုးစဉ်တွင် ဘုတလင်မြို့နယ်ထဲရှိ ကျေးရွာများရှိ အရပ်သား ၂၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စီပါကျေးရွာရှိ အရပ်သား ခြောက်ဦးကို ကိုယ်လက်အင်္ဂါများဖြတ်တောက်ခဲ့သည်။