ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၊ ၂၀၂၄။
၂၀၂၄ ခုနှစ် ၁၀ လတာအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရ၍ သေဆုံးသည့် နိုင်ငံရေးအကျဉ်းသားဦးရေသည် ယခင်နှစ်ထက် ပိုမိုမြင့်တက်လာသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM မှ တာဝန်ရှိသူထံက သိရသည်။
၂၀၂၃ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား ၈ဦးခန့်သေဆုံးခဲ့ပြီး ယခုနှစ် ၂၀၂၄ခုနှစ် ၁၀လတာအတွင်း ၁၈ဦးသေဆုံးခဲ့သည်ဟု PPNM ၏ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၄ ခုနှစ် ၁၀ လအတွင်းသေဆုံးမှုသည် ၂၀၂၃ ခုနှစ်တစ်နှစ်လုံးထက်ပင် ပိုမိုများပြားနေသဖြင့် ယခင်နှစ်ကထက် နှစ်ဆပိုမိုသေဆုံးခဲ့ရသည်ဟု PPNM၏ ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက သံလွင်ခက်ကိုပြောသည်။
“ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၀လနဲ့ယှဉ်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းကျော်မြင့်တက်လာတယ်။ ဒီအခြေအနေက ဘယ်လောက်ထိတောင် ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရလို့ သေဆုံးမှုတွေက တစ်နှစ်ထက်တစ်နှစ်များလာတယ်ဆိုတာကို မြင်သာစေတဲ့ ရာခိုင်နှုန်းတစ်ခုဖြစ်စေတယ်”ဟုဆိုသည်။
အကျဉ်းသားများသည် ၎င်းတို့အသက်နှင့်စတေး၍ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်သည့် အခြေအနေကို မီးမောင်းထိုး သက်သေပြနေရသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်းမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိဘူးဆိုတဲ့ အခြေအနေတွေကို ပါးစပ်နဲ့ပြောရုံတင်မဟုတ်ဘဲ တကယ်ကိုမှ သေကြရပြီးမှ အဲဒီအရေအတွက်တွေနဲ့ ကိုင်ပြောနေရတာဖြစ်တယ်။ ကျွန်တော်တို့ပြောဖို့အတွက် သူတို့ကသေပေးနေရသလိုဖြစ်နေရတယ်” ဟုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ကလည်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ မန္တလေးအိုးဘို အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခဲ့ရသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများသည် လူ့အခွင့်အရေးအပြင် အကျဉ်းသားအခွင့်အရေးများလည်း ဆုံးရှုံးနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“စစဖမ်းကတည်းက မတရားဖမ်းဆီးခံရတာဖြစ်ပါတယ်။ စစ်ကြောရေးမှာလည်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံကိုတွေ့ကြုံခံစားခဲ့ကြရပါတယ်။ တရားရုံးမှာလည်း မျှတတဲ့တရားစီရင်ချက်ကိုမရခဲ့ကြပါဘူး။ ထောင်ကိုရောက်လာတဲ့အခါမှာလဲ ဆေးဝါးလုံလောက်မှုမရှိသလို ကျန်းမာရေးဝန်ထမ်းလုံလောက်မှုလည်းမရှိပါဘူး”ဟုပြောသည်။
စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ ၃နှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သား နှစ်ထောင်နီးပါးရှိသည်ဟု AAPP က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ထောင်ဒဏ်ကျခံရင်း သေဆုံးခဲ့ရသော ဒေါက်တာ ဇော်မြင့်မောင်၏ နာရေး(Voice of Myanmar)