သံလွင်ခက်
နိုဝင်ဘာလ ၁၊၂၀၂၄။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၃၆ နှစ်အတွင်း တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရင်း တပ်ဖွဲ့ ဝင်ပေါင်း ၈၂၆ဦး ကျဆုံးပြီး ၄၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ယနေ့ ကျရောက်သည့် ၃၆ နှစ်မြောက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျောင်းသားတပ်မတော်သည် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ စတင်ပေါက်ဖွားခဲ့ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးတွင်လည်း အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်မျိုးဆက်သစ်များက ဆက်လက်တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။
ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုလွမ်းဏီက ” ကျွန်တော်တို့က ၁၀ စုနှစ် သုံးစုကျော်ခဲ့ပြီး ။ တိုင်းရင်းသားလူမျိုးစုတွေလည်း နှစ်ပေါင်း ၆၀ ၊၇၀ ကျော်ပြီး။ အဲ့လိုပဲ နွေဦးတော်လှန်ရေးကလည်း လေးနှစ်ထဲက စီးနင်းဝင်ရောက်လာပြီ အဲ့တော့ လူငယ်တွေကို သတိထားစေချင်တာက လက်နက်ကိုင်တော်လှန်ရေးဆိုတာက အင်မတန်မှနက်ရှိုင်းပါတယ်။ ကျွန်တော်တို့မှာ အမြဲတမ်းအားနည်းချက်လို့ ပြောလို့ရတဲ့ ညီညွတ်ရေးပြသနာ အဲ့ ညီညွတ်ရေးကို တည်ဆောက်ဖို့လိုပါတယ်။ မိမိနဲ့ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ လက်ခံနားလည်ပေးနိုင်တဲ့ ညီညွတ်ရေးတည်ဆောက်မှုမျိုးဟာ အင်မတန်အရေးကြီးပါတယ်။ထိလွယ်ရှလွယ်ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတာက ကျွန်တော်တို့အတွက် မဖြစ်မနေကိုင်ဆောင်ရတာဖြစ်တာနဲ့ အညီ ဒီတော်လှန်ရေးအလံကို တညီတညွတ်တည်းကိုင်ဆွဲပြီးတော့ ချီတက်တိုက်ပွဲ ဝင်ကြပါစို့ လို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်”ဟု ဆိုသည်။
ABSDF အနေဖြင့် လူမျိုးပေါင်းစုံ တိုင်းရင်းသားများနှင့် အတူ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ကျရာအခန်းကဏ္ဍက လက်တွဲဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှစ်လေးလုံးအရေးတော်ပုံမှစတင်ခဲ့သည့် ABSDF တော်လှန်ရေးခရီးသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည့် အမျိုးသားတန်းတူရေးတိုက်ပွဲနှင့်အတူ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲ ဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။
ပုံစာ- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတပ်ဖွဲ့ဝင်များ။(ABSDF)