ဖမ်းဆီးခံထားရသည့် ကချင်ဘာသာရေးခေါင်းဆောင် နှင့် မိသားစုဝင်များ အဆက်အသွယ်မရ
***************************
သံလွင်ခက်။
ဒီဇင်ဘာ ၁၆၊ ၂၀၂၂။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် ကချင်ဘာသာရေးဆရာ ဒေါက်တာခလမ်ဆမ်ဆွန် နှင့် မိသားစုဝင်များ နှစ်ပတ်ခန့် ကြာသည်အထိ အဆက်အသွယ် မရသေးဟု မိသားစုဝင်များထံက သိရသည်။
ဖမ်းဆီးသွားသည့် အချိန်မှစ၍ ယနေ့ချိန်ထိ မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသည့်အတွက် စိုးရိမ်လျှက်ရှိသည်ဟု မိသားစုဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ စိုးရိမ်ပါတယ်။ လောလောဆယ် ကျွန်မတို့မိသားစုဝင်အားလုံး ဘယ်လောက်ထိ ဆောက်တည်ရာမရ စိတ်ထိခိုက်နေတယ်ဆိုတာ ပြောပြဖို့ စကားလုံးတောင် ရှာမရပါဘူး ” ဟုပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က တရားစွဲဆိုမည်ဟု အသိပေးခြင်းမျိုး ရှိသော်လည်း အသေးစိတ် အခြေနေများကို မသိရှိရဟု ၎င်းက ဆက်ပြောသည်။
ကချင်ဘာသာရေးဆရာ ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ကာ ကချင်အတိုင်ပင်ခံအဖွဲ့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ယခုလ ၅ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူရန် ထွက်ခွာမည့်ချိန် မန္တလေး တံတားဦးလေဆိပ်တွင် ဖမ်းဆီးခံရကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံစဉ်က ခရစ်ယာန်ဘာသာဝင်များကြုံတွေ့နေရသော ဘာသာရေးဆိုင်ရာ ခွဲခြားဖိနှိပ်ခံရမှုများ အကြောင်းကို တင်ပြပြောဆိုခဲ့သူ ဖြစ်သည်။
Photo – ဒေါက်တာခလမ်ဆမ်ဆွန် Facebook