ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၊ ၂၀၂၄။
မြန်မာနိုင်ငံ အလယ်ပိုင်းတိုင်း အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် မဟာမိတ်သဘောတူ နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်ဟု ၎င်းအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
People’s Revolution Armed Force (MDY)၊ ၁၀၀၃ တပ်ရင်းမှော်ဘုရင်စစ်ကြောင်း၊ ကျောင်းသားကွန်ရက်တပ်တော်-(CRC-PLA)၊ မန်းခရိုင်တပ်ရင်း ၆ (NDA) တို့က ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လက်မှတ်ရေးထိုးရာတွင် မူဝါဒစည်းမျဉ်း ၆ ခုကိုလည်း ထည့်သွင်းရေးဆွဲခဲ့ကြသည်ဟု ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို မဟာမိတ်အဖြစ် ခံယူမည်ဖြစ်ပြီး အဖွဲ့ဝင်များအချင်းချင်း မည်သည့်ကိစ္စကြောင့်ဖြစ်စေ ခြိမ်းခြောက်ချိန်ရွယ်ခြင်း၊ သေနတ်ပြောင်းတည်ခြင်း လုံးဝမပြုလုပ်ရဟု သဘောတူညီချက်တွင်ပါရှိသည်။
တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု၏ မူဝါဒရေးဆွဲချမှတ်ခြင်း၊ မူဝါဒအသစ်ပြုပြင်ရေးဆွဲခြင်း(သို့) အသစ်ထည့်သွင်းချမှတ်ခြင်း ကိစ္စရပ်များအား တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဦးဆောင်ကော်မတီ အစည်းအဝေးခေါ်ယူ၍ လိုအပ်သလို ပြုပြင်ပြောင်းလဲရေးဆွဲနိုင်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းတည်ထောင်ခြင်း ၂နှစ်ပြည့်အခမ်းအနားကျင်းပစဉ်။
ဓာတ်ပုံ-CRC-PLA