နန်းဆုပန်ခန့်
အောက်တိုဘာလ၃၁၊ ၂၀၂၄။
ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ – ၅၊ မူတြော်ခရိုင်အရှိ ထီးဂေါ်ထ ကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးလာရောက်ကြဲချခဲ့ရာ အဆောက်အဦးများထိခိုက်ပျက်ဆီးခဲ့သည်ဟု ကေအဲန်ယူသတင်းရင်းမြစ်ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာလ ၃၁ ရက်၊ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် အလယ်တန်းကျောင်းတစ်လုံး၊ အိမ် ၃ လုံးနှင့် ကျောင်းသူ၊သားများနေသည့် အဆောင်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီမှ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟိုက်အုပ်စု၊ ဆောဘွဲဒဲကျေးရွာအတွင်းသို့ တိုက်လေယာဥ်ဖြင့် ဗုံးသီး ၃ လုံးလာရောက်ကြဲချခဲ့ရာ၌ ခရစ္စယာန်ဘုရားရှိခိုးကျောင်းဆောင်တစ်လုံးနှင့် အိမ် ၃ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
ခေါပုတ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၃၀ ရက်တွင် ထီးဂေါ်ထကျေးရွာသို့ သွားရောက် ဗုံးကြဲမှုများ၊ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် အဆောက်အဦးများ ပျက်ဆီးခဲ့ရသေးသည်ဟု သိရသည်။
ပုံစာ – စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသည့် ပြည်သူပိုင်အဆောက်အဦးတချို့(မူတြော်သတင်းစဉ်)