သံလွင်ခက်
နိုဝင်ဘာ ၁၊ ၂၀၂၄။
တအာင်းလွတ်မြောက်ရေးတပ်မတော် – TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက် အစောပိုင်း ၃ နာရီခွဲခန့်တွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့အထွက် Asia World တိုးဂိတ်အနီးသို့လေကြောင်းဖြင့် သုံးကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“မူးယစ်ရုံးဟောင်းမှာ အိပ်နေတဲ့ချိန်ကျပြီး အမျိုးသားတစ်ယောက်သေတယ်။ တစ်ယောက်က ဒဏ်ရာရသွားတယ်။ ကျောဘက်မှာ ဗုံးစတွေထိသွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သည့် ဗုံးသည် ယခင်မူးယစ်ရုံးနှင့် Asia World တိုးဂိတ်အနီးအပြင် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန – နတလရုံး ကိုလည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ကွတ်ခိုင်မြို့ ၊ မြို့မစျေးကိုယခုနှစ် ဩဂုတ်လ ၅ ရက်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အရပ်သား ၆ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စျေးဆိုင်ခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်။
အဆိုပါ ကွတ်ခိုင်မြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် – TNLA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၇ ရက်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဓါတ်ပုံ – ကွတ်ခိုင်မြို့၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး(ဒေသခံ)