သံလွင်ခက်
အောက်တိုဘာ ၂၅၊ ၂၀၂၄။
မြန်မာစစ်တပ် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သမက်၊ နေရွှေသွေးအောင်၏ ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့သည်ဟု ယမန့်က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ဒေါက်တာနေစိုးမောင်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ယက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမှုလုပ်ဆောင်ခဲ့ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့သို့ ဝါဒဖြန့်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဆောင်ရွက်ရေး ပုဒ်မ ၃၃-က နှင့် တည်ဆဲဥပဒေများအရ အရေးယူနိုင်သည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။
ထို့အပြင် ပြစ်မှုသက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံနိုင်မည်ဟု ဆိုထားသည်။
ဒေါက်တာနေစိုးမောင်သည် တပ်မတော်ဆေးဘက်ဆိုင်ရာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းခဲ့သူတစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ အာဏာသိမ်းစဉ်က ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူပြီး စစ်ကောင်စီ၏လုပ်ရပ်များကို ၎င်း၏ဖေ့စ်ဘွခ်လူမှုကွန်ရက်ပေါ်တွင် မကြာခဏ ထောက်ပြဝေဖန်လေ့ရှိသူတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နှင့် ၉ ရက်တို့တွင် ကွယ်လွန်သူ NLD ဒုဥက္ကဌ ဒေါက်တာဇော်မြင့်အား သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းနှင့် ရိုသေဂါရဝပြုကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်ဝန်းကျင်တွင် ဒေါက်တာဇော်မြင့်၏ရက်လည်ဆွမ်းကျွေးသို့ သွားရောက်ခဲ့စဉ် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။