သံလွင်ခက်
အောက်တိုဘာ ၂၃၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟံလင်းတိုက်နယ် သခွတ္တောကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဒုတပ်ခွဲမှူးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့မွန်းလွဲပိုင်းက ထုတ်ပြန်ခဲ့သည်။
တရားခံ ပြည့်ထွန်းနိုင် (ခ) လင်းစေသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) – ဒုတပ်ခွဲမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းသည် ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်ညနေတွင် သေဆုံးသူအမျိုးသမီးနှင့်စကားများပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အခင်းဖြစ်ပွားပြီးနောက် အဆိုပါတရားခံ ဒုတပ်ခွဲမှူးကို တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့တွင် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံရန်ကို စစ်တရားရုံးလုပ်ထုံးလုပ်နည်း အပိုဒ် – ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။