ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်းဆရာများ လိုအပ်နေ
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးလက်အောက်တွင် ပညာသင်ကြားရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ပုလဲမြို့နယ်၏ တောင်ပေါ်ဒေသများတွင် တာဝန်ထမ်းဆောင်ရန်အတွက် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က သံလွင်ခက်ကို ပြောသည်။
“ မြေပြန့်ဒေသထက် တောင်ပေါ်ဒေသမှာ စေတနာ့ဝန်ထမ်းပိုလိုအပ်တယ်။ ဘာဖြစ်လဲဆိုတော့ အလှမ်းလည်းဝေးပြီး ဖုန်းလိုင်းမမိဘူး။ အဲ့ဒီအတွက်ကြောင့်လည်း မြေပြန့်မှာပဲ ဆရာ၊ ဆရာမတွေ နေဖြစ်တယ် ” ဟုပြောသည်။
ပုလဲမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးလက်အောက်ခံ အခြေခံပညာရေးအထက်တန်းကျောင်း ၂၅ ကျောင်းအပါအဝင် ကျောင်းပေါင်း ၁၉၃ ကျောင်းဖွင့်လှစ်နိုင်ထားသည်ဟု ပညာရေးတာဝန်ခံများက ပြောသည်။
ယခုနှစ်အတွင်း ဒေသခံများနှင့် စစ်ဘေးရှောင် ကလေးများ ပညာရေးနှင့် အလှမ်းမဝေးစေရန် ကျောင်းဆောင်သစ်များလည်း ထပ်တိုးချဲ့သွားမည်ဖြစ်သည်ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
လတ်တလောတွင် စာသင်ကျောင်းများ ပုံမှန်လည်ပတ် သင်ကြားနိုင်သော်လည်း တိုးချဲ့လာမည့် စာသင်ကျောင်းများအတွက် စေတနာ့ဝန်ထမ်းများ လိုအပ်လျက်ရှိသည်ဟု ပုလဲမြို့နယ်မှ သင်ကြားရေးတာဝန်ခံတစ်ဦးကဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု သုံးသောင်းကျော်ရှိပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်သည့် မြို့နယ်ဖြစ်သည်။
လတ်တလောတွင် ပုလဲမြို့နယ်၏ ပညာရေး ၊ကျန်းမားရေးနှင့် စီမံအုပ်ချုပ်ရေးများကို အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းစီမံ ဆောင်ရွက်လျှက်ရှိသည်။
ပုံစာ – စစ်ဘေးရှောင်နှင့်ကျောင်းသားမိဘများကို NUG ပညာရေး မူဝါဒ ရှင်းလင်းပြောပြနေသည့်မြင်ကွင်း။
Photo – ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။