နန်းချောင်း ဒေသခံတစ်ဦး လက်ပြန်ကြိုးတုပ် မီးရှို့ခံရ
ယမင်းဖူးပွင့်အောင်
ဒီဇင်ဘာ ၁၄၊ ၂၀၂၂။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ၊ နန်းချောင်းကျေးရွာက ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပြန်ကြိုးတုပ်မီးရှို့ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အင်အား ၇၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက်နေ့က ကလေးမြို့နယ်မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာမှ နန်းချောင်းကျေးရွာသို့ ဝင်ရောက်ပြီး နှစ်ရက် ဝင်ရောက်တပ်စွဲကာ မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ကလေးမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ နေအိမ်ထဲမှာ မီးလောင်သေဆုံးနေတဲ့ လက်ပြန်ကြိုးတုပ်သေဆုံးနေတဲ့အလောင်းတစ်လောင်းတွေ့ရတယ်။ ယောကျာ်းလား မိန်းမလားတော့ သေချာအတည်မပြုနိုင်သေးဘူး။ မနေ့ကလည်း နေအိမ်တွေကိုမီးထပ်ရှို့တယ် ” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက် အစောပိုင်းက နန်းချောင်းကျေးရွာ၏ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်ဟု ၎င်းကဆက်ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နန်းချောင်းကျေးရွာသို့ ဝင်ရောက်စဉ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်တလော ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာလျက်ရှိပြီး ယမန်နေ့ကလည်း ဒိုးဝိုင်းချောင်း-ရာဇဂြိုဟ် အနောက်မြောက်လမ်းမကြီးကို ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် Kalay – PDF ကထုတ်ပြန်ကြေညာထားသည်။
Photo – Crd