နန်းဆုပန်ခန့်
အောက်တိုဘာလ ၂၁၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်-သင်္ဃန်းညီနောင် အာရှလမ်းမတစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်နှင့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထံမှ 84mm Carl Gustaf M2 နောက်ပွင့်ရိုင်ဖယ်တစ်လက် အပါအဝင် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ယမန်နေ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်ကောင်စီထံ ချေမှုန်းရေးသေနတ် ၄ လက်အပါအဝင် 84 ကျည်တချို့ကိုရရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း ၁၊ တပ်ခွဲ ၄ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၎င်းက “မနေ့က ကျွန်တော်တို့နဲ့ စကစ (စစ်ကောင်စီ) တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စကစတွေ တော်တော်များများကို ချေမှုန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ရဲဘော်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတယ်ပေါ့နော်” ဟု ဆိုသည်။
ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက် ဗုံးကြဲခဲ့သည်ဟု သိရသည်။
ယမန်နေ့ကလည်း စစ်ကောင်စီက မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ခလရ – ၂၇၅ သို့ Y – 12 လေယာဉ်ဖြင့် ရိက္ခာပစ္စည်းထုပ်များကို သွားရောက်ပို့ဆောင်ခဲ့သည်။
ပူးပေါင်းတပ်များ၏ကြားဖြတ်တိုက်ခိုက်မှု၊ ခုခံကာကွယ်မှုကြောင့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းသည် ၆ လကျော်သည်အထိ ၎င်းတို့ဦးတည်ရာ မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိသေးပေ။
ပုံစာ- 84mm Carl Gustaf M2 ကိုအသုံးပြုတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ- ABSDF (ပုံအဟောင်း)