နန်းဆုပန်ခန့်
အောက်တိုဘာ ၂၁၊ ၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်သို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လေတပ်အတွင်းရှိ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး လေတပ် အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
ယမန်နေ့ ည ၈ နာရီခွဲဝန်းကျင်တွင် BWM အဖွဲ့က စစ်ဆင်ရေး ၂၄ အဖြစ် လေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးကို ပစ်ခတ်ရာ ၂ လုံးတွင် ၁ လုံးမှာ မော်တော်ယာဥ်ဂိုဒေါင်ပေါ်သို့ကျပြီး နောက် ၁ လုံးမှာ လေယာဥ်သိုလှောင်ရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထိုသို့ကျရောက်ပေါက်ကွဲမှုကြောင့် ရဟက်ယာဥ်တစ်စင်းမှာ ဒလက်နှင့် မှန်ကွဲပြီး နောက်အမြှီးပိုင်းသုံးမ ရတော့သည်အထိ ပျက်စီးခဲ့ရပြီး Y-12 ၁ စင်းမှာလည်း ပြန်လည်အသုံးပြုမရတော့သည်အထိ ပျက်စီး သွားခဲ့သည်ဟု Brave Warriors for Myanmar (BWM) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ခါတိုင်းလိုပဲ လုံခြုံရေးတင်းကြပ်နေတဲ့ကြားကလုပ်ရတာမျိုးဆိုတော့ တကြိမ်ထက်တစ်ကြိမ်ပိုပိုခက် လာပါတယ်။ အားရကျေနပ်မှုရှိပါတယ်၊ ၂ လုံးစလုံးကထိရောက်တဲ့ပစ်မှတ်တွေကို ပျက်စီးစေခဲ့လို့ပေါ့။ မြေပြင်ရဲဘော်တွေရဲ့အရည်အချင်းကြောင့်လည်း ခုလို ထိထိရောက်ရောက်ဖြစ်ခဲ့တာလို့လည်း ပြောနိုင်ပါတယ်ခင်ဗျာ” ဟု ၎င်းကဆိုသည်။
တောင်ငူလေတပ်အတွင်း ထိခိုက်မှုများနှင့်ပတ်သက်၍ သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယင်းလေတပ်သည် ကရင်ပြည်၊ ကရင်နီပြည်နှင့် ရှမ်းတောင်အတွင်းမှာရှိသည့် တော်လှန်ရေးအင်အား စုများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏အဓိက လေတပ်စခန်းတစ်ခုဖြစ်သောကြောင့် တောင်ငူလေ တပ်စစ်ဆင်ရေးကို စီစဉ်အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဓာတ်ပုံ- Brave Warriors for Myanmar (BWM)