သံလွင်ခက်။
အောက်တိုဘာ ၂၀၊ ၂၀၂၄။
မန္တလေးမြို့ရှိ၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်သည့် လုပ်ရပ်အား ကန့်ကွက်ရှုတ်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါလုပ်ရပ်ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွါးမည်ကို NUG အနေဖြင့် အထူးပင်စိုးရိမ်ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဉ်တစိုက်ဆန့်ကျင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG အနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီး ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည် ဖြစ်သည်ဟု NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
NUG အနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဥ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက် ရှုံ့ချသည်ဟု NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာ – ၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း။ ( ဓာတ်ပုံ – အေကေ )