သံလွင်ခက်။
အောက်တိုဘာ ၂၀ ၊ ၂၀၂၄။
စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့ကို လေကြောင်းဖြင့် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည့်အတွက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ယမန်နေ့၌ ထုတ်ပြန်သည်။
ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က နောင်ချိုမြို့၊ တောင်ရပ်ကွက်အတွင်း လေကြောင်းဖြင့် ဗုံးကြဲခဲ့သည့်အတွက် အသက် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သားအဖ (၃)ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် နေ့လည် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးဖြင့် နောင်ချိုမြို့ ပါဟတ်ရပ်ကွက်အတွင်း ပေါင်(၅၀၀)ဗုံး တစ်လုံးနှင့် ပေါင်(၃၀၀)ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါဟတ်ရပ်ကွက်ရှိ နေအိမ် (၁၀)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။
သီပေါမြို့အား TNLA က အောက်တိုဘာ ၁၂ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် နေ့စဉ်လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု TNLA က ထုတ်ပြန်ထားသည်။