မောင်ဘဦး
အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း၊ ဘုတလင်နယ်ထဲကို အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၄ ဦးကိုသတ်ဖြတ်ခဲ့ပြီး လူသားဒိုင်းအဖြစ် ၅၀ ခန့်ကို ဖမ်းဆီးထားသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ဒေသခံများကိုဖမ်းဆီးခြင်းနှင့် တက်လှိုင်း၊ ရွာရှည်နှင့် စီပါရွာတို့ကို ဝင် ရောက်မီးရှို့ ဖျက်ဆီးခဲ့သည်ဟု သိရသည်။
“အိမ်ခြေတော်တော်များများပါတယ်။ လတ်တလောစစ်ကြောင်းထိုးနေတဲ့အတွက် အိမ်ခြေအတိကျမသိရသေးဘူး” ဟု ဘုတလင်မြို့နယ်၊ စစ်ရှောင်ကူညီပေးနေသူ မခင်ဝတီက ပြောသည်။
နမခစစ်ကြောင်း လက်ချက်ကြောင့် ဘုတလင်မြို့ပေါ်နေ ဦးဖိုးကြာ အသက် (၆၀) နှစ်၊ ဇနီးဖြစ်သူ မမာသင်း (၅၅) နှစ်၊ သမီးဖြစ်သူ ခင်မိုးသဲဦး (၂၅) နှစ်၊ သားဖြစ်သူ ရွှေဖြိုးအောင် (၁၆) နှစ်၊ တူမဖြစ်သူ မထက်ထက်အောင် (၁၂) နှစ်၊ တူမဖြစ်သူ မေပျိုပျို (၅) နှစ်၊ ဘုတလင်မြို့-ဗန္ဓုလရပ်ကွက်ရှိ ဆေးဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး၊ ဆံပင်ညှပ်ဆိုင်မှ အမျိုး သမီး၊ မြောက်ကျီရွာမှ အသက် ၆၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၂၀ ကျော် အမျိုးသား ၁ ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရသည်။
ယမန်နေ့ အောက်တိုဘာ ၁၇ ရက်မနက်ပိုင်းတွင်လည်း စီပါရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
လတ်တလောတွင် ဘုတလင်တနယ်လုံးနီးပါးမှ ဒေသခံထောင်ချီ ဘေးလွတ်ရာထွက်ပြေးနေရပြီး စားသောက်ရေးအတွက် အကူအညီများ လိုအပ်နေသည်။