သံလွင်ခက်။
အောက်တိုဘာ ၁၇ ၊ ၂၀၂၄။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၁၆ ရက်အထိ ဆယ်လကျော်အတွင်း အမျိုးသမီး (၂၂၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယင်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၃၀) ဦး ပါဝင်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ (၂၂၆) ဦးအနက် စစ်ကိုင်းတိုင်းသည် (၆၃) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၄၆) ဦးဖြင့် ရခိုင်ပြည်နယ်သည် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်သည်ဟု AAPP က ကောက်ယူထားသည့် အချက်အလက်များအရသိရသည်။
အောက်တိုဘာလ ၃ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ တိုင်းရင်းဆေးရုံထဲ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တလုံးသည် သံသည်ကျေးရွာအနီးရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါင်းနုတ်နေသည့် သံသည်ကျေးရွာ ဒေသခံ မခင်မျိုးမြင့်၏ ဦးခေါင်းကို ကျည်စထိမှန်ကာ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက် စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၅,၈၅၁) ဦး ရှိခဲ့ပြီဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။
ပုံစာ – ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စစ်ဆေးမှုများ လုပ်ဆောင်နေသည့်မြင်ကွင်း။ ( ပုံ – အဟောင်း )