သံလွင်ခက်။
အောက်တိုဘာ ၁၇ ၊ ၂၀၂၄။
စစ်ရေးအရ အရေးပါသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်း (အမြောက်ကုန်း ) စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်များကို ကော်ဘရာစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ ယနေ့တွင် ထုတ်ပြန်သည်။
” လက်နက်ငယ်က ၂၄ လက်၊ ၁၂၀ မမ ပြောင်း ၂ လက်၊ ပွိုင့် ၅ ၁လက်၊ ၁၂၀ မမ ကျည်၊ RPG ပြောင်း ၁ လက်၊ ပြီးတော့ သူ့ရဲ့ကျည်တွေ၊ ခြေနင်းမိုင်းတွေ၊ တခြားစစ်အသုံးအဆာင်တွေ အများကြီးပဲ။ ကိုယ့်ဘက်ကတော့ ကျဆုံးတာမရှိဘူး။ ” ဟု မြေပြင်ရဲဘော် တစ်ဦးက ဆိုသည်။
စွယ်တော်ကုန်းစခန်း(အမြောက်ကုန်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ အောက်တိုဘာလ ၁၇ ရက်နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့နံနက်အစောပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက စွယ်တော်ကုန်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နံနက် ၅ နာရီအချိန်ခန့်တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စွယ်တော်ကုန်းစစ်ကောင်စီစခန်းသည် စစ်အာဏာသိမ်းကာလအတွင်း၌ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းကစပြီး ၁၂၀ မမ အပါအဝင် လက်နက်ကြီးများဖြင့် အနီးနားကျေးရွာများကို ဆက်တိုက်ပစ်ခတ်ခဲ့သည်။
အောက်တိုဘာလ ၇ ရက်တွင်လည်း ၎င်းအမြောက်ကုန်းမှ ဖလူးကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြစ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် ဆေးခန်းများ ပျက်စီးခဲ့ရသည်။
တပ်မဟာ ၆ နယ်မြေအတွင်းရှိ အဆိုပါ စွယ်တော်ကုန်းစခန်းအား ကော်ဘရာတပ်ဖွဲ့ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၇ လကြာပိတ်ဆို့ထားပြီးနောက် ယနေ့ သီတင်းကျွတ်လပြည့်နံနက်အစောပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ရေးအရဗျူဟာမြောက်အရေးပါသည့် လက်ခတ်တောင်ကိုလည်း ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
ဓါတ်ပုံ – Cobra Column Fundraising Team