သံလွင်ခက်
အောက်တိုဘာလ ၁၇၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မြိတ် – ပုလော ပြည်ထောင်စုလမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပုလောကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်မှ ၁၇ ရက်အထိ မြိတ်- ပုလော ပြည်ထောင်စုလမ်းပိုင်းရှိ မီးလောင်ချောင်းရွာမှ ကြဲရွာသို့ အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို သူတို့ဘက်က ပြန်လိုချင်လို့ ထိုးစစ်ဆင်တဲ့သဘောမျိုးဖြစ်တယ်။ အင်အားလည်း တော်တော်များတယ်။ တိုက်ပွဲက မီးလောင်ချောင်းနဲ့ ကြဲရွာကြားမှာပဲ တပ်နှစ်ခုဆိုင်ပြီးတော့ ပစ်ခတ်မှုဖြစ်နေ တာ။ သူ့တို့ဘက်က တိုးလာလိုက် ကျွန်တော်တို့ဘက်ကလည်း ပစ်လိုက် အဲ့လိုမျိုးဖြစ်နေတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ပြောသည်။
၄ ရက်တာတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၆ ရက် နေ့လည် ၁၂ နာရီတွင် တိုက်လေယာဉ် (၃) စင်းဖြင့် မိနစ် ၃၀ ကြာပစ်ခိုက်တိုက်ခိုက်မှုကြောင့် ကြဲရွာနှင့် အနီးဝန်းကျင်ရှိ နေအိမ်တချို့ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် ယင်းလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် ခရီးသွားလာခြင်းမပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက တိုက်တွန်းထားသည်။
ပုံစာ- ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်များ။ ဓာတ်ပုံ-PDF Myeik District Battalion 1- P23401