သံလွင်ခက်။
အောက်တိုဘာ ၁၇၊ ၂၀၂၄။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့သည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ယနေ့၌ ထုတ်ပြန်သည်။
အောက်တိုဘာလအတွင်း ယောဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ခန့် ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ (၁၀) ဦးသေဆုံးကာ (၃၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ (၁၄) ရက် ညနေ ၃ နာရီခွဲခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ (၂) စီးဖြင့် ဖျက်အားပြင်းဗုံးသီးများ၊ ရော့ကတ်များဖြင့် ယောဒေသ (၄) နေရာကို လာရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့် ခေတ္တရောက်ရှိနေသော ထုတ်လုပ်ရေးဌာနမှ ဌာနမှုး ရဲဘော်ကျော်ဟိန်း (၃၃ နှစ်) နှင့် တပ်သား ရဲဘော် တာဇံ (၄၅ နှစ်ခန့်) တို့ ကျဆုံးခဲ့ပြီး ပြည်သူ (၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု YPDF ကထုတ်ပြန်ထားသည်။
ထို့ပြင် နေအိမ်အဆောက်အဦး (၂၀) လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြထားသည်။
အောက်တိုဘာ ၁၆ ရက်တွင် တိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အား ဆက်သွယ်ရေးအခက်အခဲများကြောင့် အသေးစိတ်မသိရှိရသေးဟု YPDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ယခုလအတွင်း ယောဒေသကို လေကြောင်းစစ်ဆင်ရေးများ ရက်ဆက်နီးပါး လုပ်ဆောင်ကာ စစ်ရာဇဝတ်မှု (War Crime) တင်မက လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) အဖြစ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – အောက်တိုဘာလ ၅ ရက်တွင် ဂန့်ဂေါမြို့နယ် မြောက်ဘက်ပိုင်းရှိ ရေရှင်မကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦးသေဆုံးခဲ့သည့်မြင်ကွင်း။