သံလွင်ခက်။
အောက်တိုဘာ ၅ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်မှ လွှတ်တင်လိုက်သည့် ဒရုန်းဗုံးမှာ ၎င်းတို့တို့အပေါ်ပြန်ကျ၍ ၆ ဦး သေဆုံးခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် မူးမြစ်အနောက်ဘက်ကမ်းရှိ ရေဦးနယ်၊ အောင်သာယာကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးအဖွဲ့ဝင်များသည် ခင်ဦးနယ်ကျေးရွာများသို့ ဗုံးကြဲရန် ဒရုန်းလွှတ်တင်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖျက်လက်နက်ဖြင့် တန်ပြန်ပစ်ခတ်ခဲ့သည်။
ထို့ကြောင့် ဒရုန်းကို ၎င်းတို့ရှိရာနေရာသို့ ပြန်လည်ခေါ်ဆောင်စဉ် ဗုံးသီးများသည် ၎င်းတို့အပေါ် ပြုတ်ကျခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၄င်းလက်အောက်ခံပျူစောထီးအဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
“သူတို့ပေါ်ပြန်ကျပြီး ၆ ဦးသေတယ်။ ၁၀ ဦးထက်မနည်းကတော့ ကန့်ဘလူဘက်မှာ ဆေးကုသမှုခံယူနေတယ်လို့ သိ ရတယ်” ဟု ၄င်းက ပြောဆိုသည်။
ယခင်က အောင်သာယာနှင့် ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများသည် အနီးနားကျေးရွာများအား လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး ယခုကဲ့ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။
၎င်းတို့ လက်ချက်ကြောင့် ပြီးခဲ့သည့်အောက်တိုဘာ ၃ ရက်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး ယမန့်နေ့အစောပိုင်းတွင် ခင်ဦးနယ်၊ မုံလှကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးများကြဲချခဲ့သဖြင့် Grade- 8 ကျောင်းသူအပါအဝင် အမျိုးသမီး (၃) ဦး၊ အမျိုးသား(၂)ဦး စုစုပေါင်း ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။