ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၆၊ ၂၀၂၄။
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ စေတီတစ်ဆူတွင် တည်ထားကိုးကွယ်သည့် ဘုရားဆင်းတုများ၏ ဦးခေါင်းတော်များ ဖြတ်ထားခြင်းသည် ဘာသာရေးအထိကရုဏ်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖယ်ခုံမြို့နယ်၊ ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘုရားဆင်းတုတော်များကို ဆိုးရွားစွာဖျက်စီးခြင်းသည် နိုင်ငံရေး၊ ဘာသာရေး အထိကရုန်းကို ဦးတည်စေရန် ဖန်တီးလုပ်ဆောင်ခြင်းဖြစ် ပြီး အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ယင်းအဖွဲ့ကဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ရီနွဲ့(၂) အုပ်စု လအိကျေးရွာရှိ စေတီပေါ်သို့ ရွာသားများ ဘုရားပန်းတက်လဲသည့်အချိန်တွင် ဘုရားဆင်းတုတော်များ ဦးခေါင်းတော်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လုပ်ဆောင်သူကို မသိရှိရသေးဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ဦးခေါင်းတော်တွေကိုတော့ တောင်အောက်မှာပြန်ရှာတွေ့တာ။ လုပ်တဲ့သူကိုတော့ အခုထိမသိသေးဘူး” ဟုပြောသည်။
ကရင်နီပြည် မိုးဗြဲနယ် ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရီနွဲ့(၂) အုပ်စုအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းကာ ကျူးလွန်သူများကို စုံစမ်းရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ ပြင်းထန်စွာ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ-ပေးပို့။