ယမင်းဖူးပွင့်အောင်
အောက်တိုဘာ ၅၊ ၂၀၂၄။
ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတဝှမ်း ပြည်နှင့်တိုင်း ၁၀ ခုတွင် အာဏာသိမ်းစစ်တပ်က ဒရုန်းတိုက်ခိုက်မှုအပါ အဝင် လေကြောင်းမှ အကြိမ် ၃၅၀ ကျော် ဗုံးကြဲခဲ့သည်ဟု Blood Money- သွေးစွန်းငွေအဖွဲ့က ယမန့်နေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် စက်တင်ဘာလအတွင်း ရှမ်းမြောက်၊ ရှမ်းတောင်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေယာဉ်ဖြင့် အကြိမ် ၃၅၀ ကျော် ဗုံးကြဲခဲ့ပြီး တင်္နသာရီ၊ ကချင်၊ ပဲခူး၊ စစ်ကိုင်းနှင့် ရှမ်းတောင်ပိုင်းတွင် ဒရုန်းဖြင့် ၃၁ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ရှမ်းမြောက်ဒေသသည် ၁၁၈ ကြိမ် အထိ ဗုံးကြဲခံရပြီး စစ်ကိုင်းတိုင်းတွင် ၆၁ ကြိမ်၊ ရခိုင်ပြည်တွင် ၅၉ ကြိမ်၊ ကချင်တွင် ၃၃ ကြိမ်၊ မန္တလေးတိုင်းတွင် ၃၃ ကြိမ်၊ မကွေးတိုင်းတွင် ၁၆ ကြိမ်၊ ချင်းပြည်တွင် ၁၃ ကြိမ်၊ ကရင်ပြည်တွင် ၉ ကြိမ်၊ ရှမ်းတောင်နှင့် ကရင်နီတွင် ၃ ကြိမ်စီ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် တင်္နသာရီတွင် ၁၅ ကြိမ်၊ ပဲခူးနှင့် စစ်ကိုင်းတွင် ၇ ကြိမ်စီ၊ ကချင်နှင့် ရှမ်းတောင်ပိုင်းတွင် ၁ ကြိမ်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။
စစ်ကောင်စီ၏အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၅ ဦးနှင့် အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သားပြည်သူ (၂၁၇) ဦး သေဆုံးခဲ့ပြီး (၃၂၇) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ နေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ၆ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၆ ခု၊ UN ရုံးခန်း ၁ ခု၊ အချုပ်ထောင် ၂ ထောင်၊ ဟိုတယ် ၃ လုံးနှင့် ဈေးဆိုင်ခန်းအပါအဝင် အခြားသောစီးပွားရေးအဆောက်အအုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့က လားရှိုးမြို့မဈေးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဈေးဆိုင်ခန်းပျက်စီးမှုများအား အတည်ပြုဆဲဖြစ်သည်ဟု Blood Money က ဆိုသည်။
ဒရုန်းတိုက်ခိုက်မှုများကြောင့်လည်း ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁၄ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၄ လုံးနှင့် ဘာသာရေးအဆောက်အအုံ ၃ ခု ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။
ပုံစာ- ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း။ ဓာတ်ပုံ- TNLA။