သံလွင်ခက်
အောက်တိုဘာ ၆၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် အကြမ်းမဖက်အာဏာဖီဆန်ရေး- CDM ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်မှူးဦးကျော်ဝင်းမှ Non CDM လုပ်ရန် ဖိအားပေးလုပ်ဆောင်လျက်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် CDM နိုင်ကျဉ်းသားများကို တာဝန်မှူးရုံးခန်းကိုခေါ်ယူ၍ ၎င်းတို့ရေးသားထားသည့် “CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်ပေးရန်စသော အချက်များပါဝင်သည့် အသနားခံစာတွင်” လက်မှတ်ထိုးခိုင်းလျက်ရှိပြီး လက်မှတ်မထိုးသူများကိုလည်း “အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင်” ထောင်မှူးမှ လက်မှတ်ထိုးခိုင်းလျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့အပြင် လက်မှတ်မထိုးသည့် နိုင်ကျဉ်းများကို မိသားစုကိုငဲ့ကွက်ပြီး လက်မှတ်ထိုးကြရန် ထပ်မံဖိအားပေးခဲ့သည်ဟု ဆိုထားသည်။
PPNM အနေဖြင့် ယင်းအကျဉ်းထောင်အတွင်း အသနားခံစာမတင်သည့် CDM ဝန်ထမ်းများကို ထပ်မံတရားစွဲဆိုနေသည့် ဖြစ်စဥ်များရှိမရှိကို ဆက်လက်စောင့်ကြည့်စုံစမ်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)